မတ္တရာမှာ ဒေသခံနှစ်ဦး ဖမ်းဆီးခံရပြီး လူမှုရေးအသင်း အဆောက်အအုံနဲ့ကား မီးရှို့ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ရွေးရွာကို မတ်လ ၁၈ ရက်နေ့မနက်မှာ စစ်ကောင်စီတပ်သား အင်အား ငါးဆယ်ခန့်ပါစစ်ကြောင်း ဝင်ရောက်စီးနင်းပြီး လူမှုကူညီရေးအသင်း အဆောက်အအုံနဲ့ကားကို မီးရှို့ဖျက်ဆီးခဲ့သလို အမျိုးသမီးနှစ်ဦးကို ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်း ရွာထဲကိုပစ်ခတ်ဝင်ရောက်ချိန် အသက် ၁၃ နှစ်အရွယ် မဇူးဇူးနဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတာ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဒေသခံ အမျိုးသမီးနှစ်ဦးကို လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အခုချိန်ထိတော့ ပြန်မလွှတ်သေးပါဘူး။ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်"

မီးရှို့မှုကြောင့် မြင့်မြတ်သောနှလုံးသား ပရဟိတအသင်း အဆောက်အအုံနဲ့ ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပြီး အသင်းရဲ့ကား နောက်ထပ်တစ်စီးကိုလည်း စစ်ကောင်စီတပ်က ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

ရွေးရွာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိတယ်လို့ ယူဆတာကြောင့် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတာလို့ မတ္တရာမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့ (စစ်ကောင်စီတပ်) ကတော့ ဘယ်ရွာပဲဝင်ဝင် အကုန်ဖျက်ဆီးတာပါပဲ။ PDF တွေ အောင်းနေတယ်ဆိုတဲ့အနေအထား ထင်မြင်ယူဆလို့ လုပ်တဲ့သဘောပါ"

စစ်ကြောင်းကတော့ ရွာကိုဝင်ရောက်စီးနင်းပြီး အဲဒီနေ့မနက်မှာပဲ ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း မတ္တရာမြို့နယ် မြို့ဒင်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာမှာ ဒေသခံနှစ်ဦး သတ်ဖြတ်ခံရပြီး နေအိမ်ဆယ်လုံးခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။