ချင်းပြည်နယ်၊ မင်းတပ် - မတူပီ ကားလမ်းဘေးမှာရှိတဲ့ မတူပီမြို့နယ် ခြန်းပြန်း (ခ) ကျေးရွာကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့ခဲ့တာကြောင့် ကျေးရွာက ဒေသခံတွေဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFAကို ဒီနေ့ပြောပါတယ်။
အဲဒီကျေးရွာဟာ မတူပီမြို့နဲ့ ခြောက်မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ခုနှစ်ဆယ်ဝန်းကျင်ရှိပါတယ်။ အခုတော့ အဲဒီနေအိမ်တွေအားလုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် ဒေသခံတွေဟာ တောတောင်တွေထဲ ဖြစ်သလိုတဲထိုးနေထိုင်နေရတယ်လို့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ခြန်းပြန်း (ခ) ကျေးရွာက နေအိမ်တွေက အကုန်လုံးမီးလောင်သွားတာပါ။ စစ်ကောင်စီ စစ်ကြောင်းမဝင်ခင်ကတည်းက ဒေသခံတွေကပြေးကြရတယ်။ အဲဒီတော့ သူတို့အားလုံး အိုးမဲ့အိမ်မဲ့ဖြစ်သွားကြပြီဆိုတော့ အခုက ခြန်းပြန်း (ခ) ရွာက ဒေသခံတွေနဲ့ တွီးရှစ်ရွာက ဒေသခံတွေဟာ တောထဲမှာပဲ ဆက်နေရတယ်။ အခုလက်ရှိမှာ မိုးကာတွေ၊ ဆေးဝါးတွေ အစားအသောက်တွေ လိုအပ်နေတယ်”
အဲဒီ စစ်ကောင်စီတပ် စစ်ကြောင်းဟာ မင်းတပ်မြို့ ကနေ မတူပီမြို့ဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး မတူပီ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာက နေအိမ်တွေ မီးရှို့ခံခဲ့ရတာလို့ဆိုပါတယ်။ ဒါပေမဲ့ အဲဒီစစ်ကောင်စီတပ်ဟာ အမှတ်ဘယ်လောက်ဆိုတာကိုတော့ မသိရဘူးလို့လည်း ပြောပါတယ်။
နေအိမ်မီးရှို့ခံရမှုနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီရဲ့ တုံ့ပြန်မှုရရှိဖို့အတွက် ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ထားပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော် စစ်ကြောင်းတွေအနေနဲ့ အရပ်သားတွေရဲ့နေအိမ်တွေကို မီးရှို့စရာ အကြောင်းမရှိဘူးလို့ ယခင်ကပြောဆိုထားပါတယ်။
မင်းတပ်- မတူပီ လမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာကြောင့် ကျေးရွာငါးရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာ တောတောင်တွေထဲမှာ တဲထိုးပြီးနေတဲ့ လူဦးရေက သုံးရာကျော်ရှိနေပြီး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ မတူပီမြို့နယ် ပြည်သူ့အုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ချင်းပြည်နယ် မတူပီမြို့နယ်ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံနေသူ လူဦးရေ ခုနစ်ထောင်ကျော်အထိရှိနေတယ်လို့ စစ်ဘေးဒုက္ခသည် ကူညီပေးတဲ့သူတွေက ပြောပါတယ်။