ရွှေဘိုမှာ လေးရက်အတွင်း အိမ်ခြေ ၆၀၀ ကျော် မီးရှို့ခံရပြီး အရပ်သား ၁၀ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ နိုဝင်ဘာ ၂၉ ရက်နေ့ကနေ ဒီဇင်ဘာလ ၂ ရက် ဒီနေ့အထိ ရွာပေါင်း ရှစ်ရွာက အိမ်ခြေ ၆၀၀ ကျော် မီးရှို့ခံရပြီး အရပ်သား ၁၀ ဦး သတ်ဖြတ်ခံရတယ် လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂ ရက် ဒီနေ့မှာတော့ ဆင်အင်း၊ ဗျိုင်းကိုင်နဲ့ အင်ကြင်းပင်ရွာတွေကို မီးရှို့ နေသလို သဘွတ်တောရွာမှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အကြား နှစ်ဖက်ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆင်အင်းမှာလည်း မနေ့က အိမ်ခြေ တစ်ရာကျော်လောက်ပါတယ် မီးရှို့သွားတာ။ ဒီနေ့လည်း ထပ်ရှို့နေတယ်။ အခုလည်းရှို့နေတုန်း။ အိမ်ခြေခန့်မှန်းဆို သုံးရာကျော်၊ လေးရာနီးပါးလောက် ဖြစ်နိုင်တယ်။ ဒီမီးနဲ့ဆို တောက်လျှောက်ရှို့နေတာ”

နိုဝင်ဘာ ၃၀ ရက်နဲ့ ဒီဇင်ဘာ ၁ ရက် နှစ်ရက်အတွင်း မအူပင်နဲ့ ဆင်အင်းရွာတွေကို ဝင်ရောက်စီး နင်းစဉ်မှာတော့ ရွာတွေကို မီးရှို့ခဲ့သလို နှစ်ရွာပေါင်းက လူ ၁၀ ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေနဲ့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မအူပင်ရွာက အသက် ၆၀ ကျော်အရွယ် ဒေါ်ဝင်းဟာ နဖူးကို သေနတ်နဲ့ ပစ်ပြီး သတ်ဖြတ် ခံရသလို သားဖြစ်သူ ၃၅ နှစ်အရွယ် ကိုကျော်ဦးကတော့ နောက်စေ့ကို သေနတ်နဲ့ ပစ်ခတ် ခံရပြီး သေဆုံးခဲ့တာလို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မအူပင်ရွာကပဲ ကိုတင်ညိုဆိုသူကတော့ စစ်ကောင်စီတပ်က ရိုက်နှက်စဉ် သေဆုံးခဲ့ပြီး၊ အသက် ၅၀ အရွယ် ဦးဇော်ငြိမ်းကတော့ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ အသက် ၉၀ အရွယ် ဦးသံပုကတော့ စစ်ကောင်စီတပ်သားတွေ လာရောက်စီးနင်းစဉ် လက်နက်ကြီးနဲ့ သေနတ်သံတွေကြောင့် နှလုံးအမောဖောက်ပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဆင်အင်းရွာမှာလည်း အရပ်သား ငါးဦး သတ်ဖြတ်ခံရပြီး လက်ရှိမှာ စစ်ကောင်စီတပ်က ရွာကို ဝင်ရောက်စီးနင်းထားတာကြောင့် သေဆုံးသူတွေရဲ့ အမည်နဲ့အသက် အသေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဆင်အင်းရွာက နေအိမ် ၃၀၀ ကျော်၊ မအူပင်ရွာမှာ ၁၀၀ ကျော်၊ ညောင်ပင်သာ ရွာမှာ ၃၆ လုံး၊ ကန်သာကုန်းမှာ ၂၃ လုံး၊ ကျီးကန်မှာ ၅၆ လုံး၊ ဘိုတဲကုန်းမှာ ၃၆ လုံး၊ ဗျိုင်းကိုင်မှာ တစ်လုံး မီးရှို့ခံထားရပြီး အင်ကြင်းပင်ရွာမှာတော့ လက်ရှိ ရှို့နေဆဲ ဖြစ်တာကြောင့် အိမ်ခြေအရေအတွက်ကို မသိရသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာမျိုး မလုပ်ဘူးလို့ အရင်က RFA ကို ဖြေဆိုထားပါတယ်။

ရွှေဘိုမြို့နယ်မှာ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမျိုး မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။