တန့်ဆည်မှာ နေအိမ်သုံးဆယ်ကျော် မီးရှို့ခံရပြီး ဒေသခံလေးထောင်ကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ မတ်လ ၁၈ ရက်နေ့က စစ်ကြောင်းဝင်ရောက်လာတာကြောင့် ရွာခုနစ်ရွာက ဒေသခံလေးထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး နေအိမ်သုံးဆယ်ကျော်လည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်အင်းရွာက နေအိမ် ၃၂ လုံး မီးရှို့ဖျက်ဆီးခံရပြီး အနီးမှာရှိတဲ့ သာယာကုန်း၊ အိုးသယ်ကုန်း၊ ရေဦးကုန်း၊ သက္ကယ်တန်း၊ နဘက်ငယ်နဲ့ ဂွေးကုန်းရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ စစ်ကြောင်းရှိနေသေးတာကြောင့် ဒေသခံတွေ ရွာထဲပြန်မဝင်နိုင်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မြောက်အင်းရွာက အိမ် ၃၂ လုံးကို ရှို့ပြီးတော့ ညနေလောက်မှာ နဋောင်းကျရွာမှာ ပြန်အိပ်တာ။ ဒီမနက် မြောင်အင်းကိုပြန်ရောက်နေလို့ ဒေသခံတွေတော့ ရွာထဲပြန်မဝင်နိုင်သေးဘူး"

အဲဒီစစ်ကြောင်းဟာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (၃၆၁) ဖြစ်ပြီး အင်အား ၁၅၀ ခန့်ပါတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မတ်လ ၄ ရက်နေ့ စာရင်းအရ နိုင်ငံတစ်ဝန်းမှာ လူဦးရေ ၂. ၇ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။