ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့ နှစ်ရက်တာတိုက်ပွဲအတွင်း ဘက်တလိန်ရွာနဲ့ ဝမ့်လထွားရွာက နေအိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီရွာတွေမှာ စစ်ကောင်စီတပ်က တပ်စွဲထားတာကြောင့် မီးရှို့ခံရတဲ့ အိမ်အရေအတွက် ကိုတော့ တိတိကျကျ မသိရသေးဘူလို့ KNDF ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အခုလက်ရှိ မြေပြင်သတင်းပေးပို့ချက်အရ ကျေးရွာတွေမှာ နေအိမ်တွေ မီးရှို့ ခံနေရတယ်ပေ့ါနော်။ အိမ်အရေအတွက် အတိအကျတော့ မသိရသေးဘူး။ အခု စစ်ကောင်စီက စစ်ကြောင်းထိုးနေတော့ နေ့စဉ်လိုလို တိုက်ပွဲငယ်တွေတော့ ဖြစ်နေတယ်"
ဒီဇင်ဘာ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်၊ ဘက်တလိန်ရွာဘက်ကို ထိုးစစ်ဆင်လာလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF/B09 တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ သုံးကြိမ်အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၀ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့ပေါ်ကို ထိန်းချုပ်နိုင်ဖို့ အနီးအနားကျေးရွာတွေအထိ ထိုးစစ်ဆင်နေပြီး ရပ်ရွာတွေထဲကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ လက်နက်ကြီးကျရောက်မှုကြောင့် ဒေါစဲရွာက အရပ်သားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက ကုန်းသာ၊ သေးဆူလဲ၊ ပူဖား၊ ဒုန်းကမီး ရွာတွေက စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDFနဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက အခုနှစ် နိုဝင်ဘာလကုန် ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က အဲဒီနေရာတွေကို ပြန်လည်ရရှိဖို့နဲ့ ဒီးမော့ဆိုမြို့ပေါ်ကို ထိန်းချုပ် နိုင်ရေးအတွက် ဒီဇင်ဘာလ ၄ ရက်နေ့ကစလို့ ပြန်လည်ထိုးစစ်ဆင်နေတာကြောင့် နေစဉ်လိုလို တိုက်ပွဲတွေဖြစ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။