စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကူးတို့ကုန်းရွာကို ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သား ၆၀ နီးပါး ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၈၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအပြင် ဒေသခံတစ်ထောင်နီးပါးလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ အရင်ပစ်ခတ်ပြီးနောက် ရွာထဲကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရွာကို စဝင်တာတော့ ၈နာရီခွဲလောက်ပေါ့၊ တိုက်ပွဲဘာညာ မဖြစ်ပါဘူး။ သူ့ဘာသူ စစ်ကြောင်းဝင်ပြီး မီးရှို့တာ၊ အခုရွာအနား ပြန်ကပ်တော့ လောင်တဲ့အိမ်တွေ အတော် များများက တစ်အိမ်လုံး ပြာကျကုန်တာ။ မီးရှို့တာကလည်း ကွက်ကျားပုံစံ ရှို့ထားတာ။ အခုထိ မီးမငြိမ်းသေးဘူး"
အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကူးတို့ကုန်းရွာမှာ အရပ်သားတစ်ထောင်နီးပါး နေထိုင်ပါတယ်။
အရပ်သားတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူရဲ့တပ်ဖွဲ့ဝင်တွေက နေအိမ် မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ ဒီနှစ် သြဂုတ်လအတွင်းက ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းထားတဲ့ ဖေဖော်ဝါရီလကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလအထိ ၂၂ လတာ အတွင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် စစ်ကိုင်းတိုင်း အတွင်းမှာ နေအိမ် ၂၇,၄၉၆ ဦး ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။