ထီးချိုင့် လေသာရွာ လေယာဉ်နဲ့ ဗုံးကြဲခံရပြီးနောက် နေအိမ် ၄၀ ခန့်ပျက်စီး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ လေသာရွာဘက်မှာ နိုဝင်ဘာ ၃၀ ရက်၊ မနေ့က စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး အင်အား ရှစ်ဆယ်နီးပါးရှိတဲ့ စစ်ကြောင်းက ဒီဇင်ဘာ ၁ ရက်၊ ဒီနေ့မနက် ၆ နာရီကျော်မှာ ဝင်ရောက်စီးနင်းပြီးနောက် နေအိမ် ၄၀ ခန့် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေသာရွာမှာ အိမ်ခြေ နှစ်ရာကျော် လူဦးရေ ခြောက်ရာနီးပါးရှိပြီး ပြီးခဲ့တဲ့ ရက်ပိုင်း ကတည်းက ဘေးလွတ်ရာကို ဒေသခံတွေ ထွက်ပြေးရှောင်နေရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒေသခံတွေက စစ်ကြောင်းဝင်မယ်လို့ သတင်းကြိုရတဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ကြိုရှောင်နေကြတာ။ မနက်ကိုးနာရီက မီးရှို့တာ အခုညနေ ၃နာရီကျော်မှ ငြိမ်းတယ်။ ရွာအနီးအနားကို ကပ်ကြည့်တာ အိမ်ခြေ လေးဆယ်နီးပါး ပါသွားပါတယ်။ အပြင်မှာ ဒီထက်ပိုနိုင်ပါတယ်"

နေအိမ်တွေဟာ ဗုံးကြောင့်ပျက်စီးတာရှိသလို မီးရှို့ခံရမှုကြောင့် ပျက်စီးသွားတာလည်းရှိပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။

လေသာရွာက ဒေသခံတွေဟာ လက်လုပ်လက်စား တောင်ယာစိုက်ပျိုးသူတွေ ဖြစ်ပြီး လယ်ယာသုံး စက်ယန္တရားတချို့ မီးရှို့သွားတဲ့အထဲ ပါသွားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ စစ်ကြောင်းဟာ လေသာရွာထဲမှာ ရှိနေပြီး အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာ၊ တန်ဖိုးကြီးပစ္စည်းတွေ မွှေနှောက်ရှာဖွေနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်က လေသာကျေးရွာကို ဘာကြောင့်ဗုံးကြဲပြီး ရွာထဲကို ဝင်ရောက်တယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စစ်ကောင်စီ စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာတစ်လအတွင်းမှာ ကျက်သရေချောင်း ရွာက နေအိမ် ၁၅ လုံး၊ ဆူးပုတ်ချောင်းရွာမှာ နေအိမ် ၄၀၊ အင်ကြင်းကုန်းရွာမှာ နေအိမ် ၂၀၊ အလယ်တောရွာမှာ နေအိမ် ၂၀၊ အင်းတိန်ရွာ မှာ နေအိမ် ၃၀ စုစုပေါင်း နေအိမ် ၁၂၅လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမရှိသလို အရပ်သားတွေအပေါ် ထိခိုက်အောင်လုပ်တာမရှိဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။