ဒီပဲယင်းမြို့ ညောင်လှရွာ ဒုတိယအကြိမ် မီးထပ်ရှို့ခံရ

RFA Burmese
2022.12.04
ဒီပဲယင်းမြို့ ညောင်လှရွာ ဒုတိယအကြိမ် မီးထပ်ရှို့ခံရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ညောင်လှရွာမှ နေအိမ်အချို့ကို တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ညောင်လှရွာကို မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ဒုတိယအကြိမ် မီးရှို့ခဲ့လို့ အိမ်ခြေ ၅၄ လုံးနဲ့ ဘုန်းကြီးကျောင်းဆောင် နှစ်ခု မီး‌လောင်ပျက်စီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က ဒုတိယအကြိမ် အရှို့ခံရတာပါ။ အိမ် ၅၄ လုံး ပါသွားတယ်။ ပထမအကြိမ်တုန်း က ၄၈ လုံးပါသွားတယ်။ ဘုန်းကြီးကျောင်းဆောင်နှစ်ခု ပါသွားတယ်။ လူသေဆုံး ထိခိုက်တော့မရှိဘူး"

ပထမအကြိမ် မီးရှို့ခံခဲ့ရတဲ့ နေအိမ်တွေနေရာမှာ ယာယီတည်ဆောက်ထားတဲ့ တဲတွေပါ ထပ်မံမီးရှို့ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ညောင်လှရွာကိုမီးရှို့ခဲ့တဲ့ စစ်ကြောင်းဟာ ဒီနေ့မှာလည်း နများရွာကို ဆက်လက်ဝင်ရောက် မီးရှို့နေတာကြောင့် ဒေသခံ ထောင်ချီ ထွက်ပြေးနေရပြီး မီးရှို့ခံရတဲ့နေအိမ် အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘို-ဒီပဲယင်း-ရေဦးမြို့နယ်အစပ်မှာရှိတဲ့ ရွာပေါင်း ၁၅ ရွာခန့်ကို နိုဝင်ဘာလကုန်ပိုင်းက စပြီး စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့နေတာကြောင့် ထွက်ပြေး နေရသူ တစ်သောင်းခွဲခန့်ရှိပြီလို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။

ခင်ဦး၊ ရေဦးနဲ့ ဒီပဲယင်းအတွင်း တစ်နယ်ကို စစ်ကြောင်းတစ်ကြောင်းနဲ့ မူးမြစ်ရဲ့ တစ်ဖက်ကမ်း ခင်ဦးနဲ့ ရွှေဘို၊ မူးမြစ်ရဲ့ အနောက်ဘက်ကမ်းမှာ ရေဦးနဲ့ ဒီပဲယင်းတို့ကို မီးခွရှို့နေတာလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန် ငြင်းဆိုထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ နိုဝင်ဘာလ ၈ ရက်နေ့ အစီရင်ခံစာအရ စစ်အာဏာ သိမ်းပြီး နောက်ပိုင်း စစ်ကိုင်းတိုင်းထဲမှာ နေအိမ် ၂၆,၉၇၀ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။