မိုင်းပေါက်ကွဲလို့ ခြောက်တန်းကျောင်းသား နှစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာအုပ်စုထဲက စာသင်ကျောင်းအနီးတစ်ခုမှာ မနေ့တုန်းက မိုင်းပေါက်ကွဲလို့ အသက် ၁၂ နှစ်အရွယ်၊ ၆ တန်းကျောင်းသား နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး၊ တစ်ဦးမှာဒဏ်ရာပြင်းထန်ပြီးတော့ ညာဖက်လက်ချောင်းတွေကို ဖြတ်လိုက်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားတာက တင်းမေကျေးရွာအုပ်စုထဲက ကျွဲရိုင်းဆိုတဲ့ ရွာမှာဖြစ်ပွားခဲ့တာပါ။ အဲဒီဒေသဟာ တောတောင်ထူထပ်ပြီးတော့ ဘူးသီးတောင်မြို့နယ်ရဲ့ မြောက်ဘက် ၂၆ မိုင်ဝေးပါတယ်။ ဘင်္ဂလားနယ်စပ်ကနေ ၁၀ မိုင်ကျော်ပဲ ဝေးပါတယ်။ ယမန်နေ့ မနက် ၉ နာရီဝန်းကျင်မှာ မိုင်းပေါက်ကွဲပြီးတော့ ဒဏ်ရရှိပေမယ့် ဘူးသီးတောင်ဆေးရုံက ညနေ ၄ ရီဝန်းကျင်မှသာ ရောက်ရှိတယ်လို့ ဒဏ်ရာရှိသွားတဲ့ မောင်ငြိမ်းချမ်းအောင်ရဲ့ ဖခင် ဦး ကျော်သာက RFA ကို ရှင်းပြပါတယ်။

“မနေ့က ၉ နာရီလောက်မှာဖြစ်တာပါ ခင်ဗျာ။ ၉ နာရီလောက်မှာ ရွာထဲက အုန်း ဆိုပြီးတော့ ကျနော်တို့ အသံကြားလိုက်ပါတယ်။ နာရီဝက်ကြာမှ အိမ်ကို သူတို့က ရောက်လာပါတယ်၊ သွေးတွေဘာတွေ ဆေးပြီးတော့”

မောင်ငြိမ်းချမ်းအောင်ရဲ့ မျက်နှာနဲ့ ရင်ဘတ်တွေမှာ မိုင်းစအချို့ထိမှန်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ဆေးရုံတာဝန်ရှိသူတွေက ဒဏ်ရာ၊ အတိမ်အနက်ကို အသေးစိတ် စစ်ဆေးမှုပြုလုပ်ဖို့ ရှိတယ်လို့လည်း ဦးကျော်သာက ရှင်းပြပါတယ်။

“ဟုတ်ကဲ့ပါ ၆ နာရီလောက်မှာ ရင်ဘတ်နဲ့ နားရွက်မှာလည်း နည်းနည်းလောက် ဒဏ်ရာရသွားပါတယ်။ အဲဒီ ၆ နာရီမှာ နည်းနည်း operation (ခွဲစိတ်ကုသ) လုပ်ဖို့ ပြောပါတယ်”

ဒဏ်ရာပိုပြင်းထန်တဲ့ နောက်ကျောင်းသားတစ်ဦး၊ မောင်ခိုင်မင်းသိန်းကိုတော့ မောင်တောမြို့နယ် ဆေးရုံကို ပို့လိုက်ရတယ်လို့ သူက ပြောပါတယ်။ မိုင်းကွဲတဲ့နေရာဟာ ကျွဲရိုင်း မူလွန်ကျောင်းရဲ့ ကားလမ်းတဘက်ခြား၊ ခဲတစ်ပစ်စာ အကွာအဝေးမှာ ရှိနေတာပါ။ ကလေးငယ်တွေဟာ ထောင်ထားတဲ့မိုင်းကို နင်းမိတာ ဒါမှမဟုတ် မပေါက်ကွဲသေးတဲ့ မိုင်းတစ်ခုကို ဆော့ကစားရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး ဒဏ်ရာရရှိခဲ့တာလား၊ စတဲ့အကြောင်းအရာကို အသေးစိတ် မသိရှိရသေးပါ။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ RFA က ဘူးသီးတောင်မြို့နယ် ရဲမှူးကို ဆက်သွယ်မေးမြန်းတဲ့အခါ ဖြစ်စဉ်မှန်ကန်ကြောင်း အတည်ပြုပေးပေမယ့် အသေးစိတ်ကို နယ်ခြားစောင့်ရဲကို မေးမြန်းဖို့ ပြောပါတယ်။

“ဖြစ်တာကတော့ မှန်တယ်ပြောတယ်ဗျ၊ မနေ့က ကျနော်တို့ သတင်းကြားတာကတော့… ဟုတ်ကဲ့။ နယ်ခြားစောင့်အပိုင်ဖြစ်တော့ သူတို့ နယ်ခြားစောင့်ကပဲ တာဝန်ယူတာပေါ့”

မောင်တော၊ ဘူးသီးတောင်ဒေသမှာ မြို့ပေါ်အနီးတဝိုက် ကျေးရွာတွေကို မြို့ပေါ်တာဝန်ကျရဲက အုပ်ချုပ်ပေမယ့်၊ မြို့နဲ့ အလှမ်းဝေးတဲ့ ကျေးလက်ဒေသတွေကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က သီးခြားအုပ်ချုပ်ပါတယ်။ RFA ဆက်သွယ်ရရှိခြင်း မရှိတာကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်ကို သီးခြားတင်ပြနိုင်ခြင်း မရှိပါဘူး။

မောင်တောဆေးရုံမှာ တက်ရောက်ကုသနေတဲ့ မောင်ခိုင်မင်းသိန်းရဲ့ အခြေအနေကို RFA က မောင်တောဆေးရုံကို ဆက်သွယ်မေးမြန်းပေမယ့် တာဝန်ကျ ဆေးရုံအုပ်ကြီး ခရီးလွန်နေတာကြောင့် ဖြေဆိုခွင့်မရှိကြောင်း ဝန်ထမ်းတစ်ဦး က ပြောပါတယ်။

မောင်တော ဒေသခံတစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်မင်းက မောင်ခိုင်မင်းသိန်းရဲ့ အခြေနေကို ဆေးရုံသွားကြည့်တဲ့ အခါ လက်ချောင်းတွေဖြတ်ထားပြီး ပတ်တီးစည်းထားတာကို မြင်တွေ့ခဲ့ရကြောင်း ပြောပါတယ်။

မောင်တောခရိုင် ပညာရေးမှူး ဦးအောင်ခင်က "ဟုတ်ကဲ့ ဟုတ်ကဲ့.. အဲဒီဖြစ်စဉ်ကတော့ မှန်ပါတယ်။ ကျနော်တို့ မြို့နယ် ပညာရေးမှူးလည်းရှိတယ်။ အဲဒီကိစ္စကို ပြည်နယ်ကိုလည်း ထူးခြားဖြစ်စဉ်ပေါ့ တင်ပြထားပါတယ်"

ပညာရေးဌာနက ဖြစ်စဉ်အသေးစိတ်ကို တရားဝင်စာနဲ့ တင်ပြသွားဖို့ရှိတယ်လို့လည်း ဦးအောင်ခင်က RFA ကို ပြောပါတယ်။

ကလေးငယ်တွေ စာသင်ကြားရာ ကျောင်းအနီး မိုင်းကွဲတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဘယ်အုပ်စုမှာ တာဝန်ရှိ တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ တင်းမေကျေးရွာအုပ်စုဟာ တောင်ဘဇာနယ်ခြားစောင့် ရဲတပ်ရင်းရဲ့ အုပ်ချုပ်မှုအောက်မှာရှိပါတယ်။ အဲဒီဒေသမှာ ပြီးခဲ့တဲ့ ဧပြီလတုန်းက ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ကြားမှာ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တိုက်ပွဲတွေ မရှိဘူးလို့ ဒေသခံ ဦးကျော်သာက ပြောပါတယ်။

ဒါပေမဲ့ ရံဖန်ရံခါ တပ်မတော်သားတွေ ကင်းလှည့်တာတော့ရှိတယ်လို့ ပြောပါတယ်။

မပေါက်ကွဲသေးတဲ့မိုင်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက ARSA အုပ်စုက နယ်ခြားစောင့်ရဲတွေကို ဝင်ရောက်တိုက် ခိုက်တုန်းကလည်း ကျန်ခဲ့တာရှိတယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၈ ဒီဇင်ဘာလကနေ အခု ၂၀၁၉ စက်တင်ဘာလအထိ အရပ်သား ထိခိုက်သေဆုံးမှုဟာ လူ ၈၀ ကျော်အထိရှိနေသလို ထိခိုက်ဒဏ်ရာရသူတွေကတော့ လူပေါင်း ၁၂၀ ကျော်လောက်အထိရှိနေပြီလို့ ရခိုင်အရပ်ဖက်အဖွဲ့တချို့က ပြောဆိုထားပါတယ်။

ဒီကိန်းကဏန်းတွေကို ကြည့်ခြင်းအားဖြင့် ၁၀ လအတွင်း၊ တစ်လမှာ ပျမ်းမျှ အနည်းဆုံး ၁၀ ဦးနှုန်း သေဆုံးတယ်လို့ ဖော်ပြနေပါတယ်။

(RFA သတင်းထောက် ကိုမိုးမြင့် ပေးပို့သည်)