ဘူးသီးတောင်မှာ သင်္ဘောနှစ်စင်း တိုက်မိပြီး သုံးဦး ဒဏ်ရာရ
2022.12.12

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပန်ဇင်းချောင်းအတွင်း စစ်ကောင်စီတပ်က သင်္ဘော တစ်စင်းနဲ့ ရွှေပြည်တန် ခရီးသည်တင် သင်္ဘောတို့ ဒီဇင်ဘာလ ၁၂ ရက် ဒီကနေ့ မနက် အစောပိုင်းက တိုက်မိခဲ့ပြီး အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက RFA ကို ပြောပါတယ်။
ပန်ဇင်းချောင်းအတွင်း မြူနှင်းဖုံးလွှမ်းနေတဲ့အပြင် စစ်ကောင်စီတပ်သင်္ဘောကလည်း အချက်ပြမီးမဖွင့်ထားတဲ့အတွက် အခုလို တိုက်မိတာလို့ ခရီးသည်တစ်ဦးက RFA ကို ပြောပါတယ်။
“ဘူးသီးတောင်ကနေ ထွက်လာတာ နာရီဝက်လောက်ပဲရှိသေးတယ်။ မနက်အစောစော ဆိုတော့ မြူနှင်းတွေ လည်း ဖုံးနေတယ်။ သိပ်မမြင်ရဘူးလေ။ ဆိုတော့ အဲဒီချောင်း ထဲမှာလည်း စစ်သင်္ဘောက သွားနေတယ်။ သူတို့က အရပ်သား သင်္ဘောတွေလို အချက် လည်း မပြထားဘူးလေ။ အနားရောက်မှမြင်တော့ နောက်ပြန်ဆုတ် လို့မရတော့ဘူး။ အဲဒီမှာ တိုက်မိတာပေါ့”
အခုဖြစ်စဉ်မှာ ခရီးသည်နှစ်ဦးနဲ့ ရွှေပြည်တန်သင်္ဘောက ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး သူတို့သုံးဦးဟာ ဘူးသီးတောင် ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သူက ပြောပါတယ်။
ရွှေပြည်တန်ခရီးသည်တင်သင်္ဘောက တာဝန်ရှိသူတစ်ဦးကလည်း သင်္ဘောနှစ်စင်း တိုက်မိတဲ့ဖြစ်စဉ်ကို အတည်ပြုပါတယ်။
ဒီသင်္ဘောဟာ စစ်တွေမြို့နဲ့ ရခိုင်ပြည်နယ်အတွင်း တခြားမြို့နယ်တွေကို ပြေးဆွဲနေတာပါ။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း ရေကြောင်းလိုင်းတွေ ရပ်နားခဲ့ပေမယ့် နှစ်ဖက်တပ်တွေအကြား အပစ်အခတ်ရပ်စဲရေး ပြီးနောက် နိုဝင်ဘာလ ၂၈ ရက်ကစလို့ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေတာပါ။