နိုဝင်ဘာလ ၃ ရက် မနေ့ကကျင်းပတဲ့ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် (၁၃) ခုအတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇ နေရာမှာ အနိုင်ရပြီး ၆ နေရာမှာ ရှုံးနိမ့်သွားတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သိရပါတယ်။
အဓိကအတိုက်အခံဖြစ်တဲ့ USDP ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၃ နေရာမှာ အနိုင်ရခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် (၄) နေရာအတွက် ကန်ပက်လက်၊ တာမွေနဲ့ မြင်းခြံမြို့နယ်တွေမှာ NLD က အနိုင်ရပြီး လဲချားမြို့နယ်မှာတော့ SNLD ပါတီက အနိုင်ရသွားပါတယ်။ အမျိုးသားလွှတ်တော် (၁)နေရာမှာတော့ မြစ်ကြီးနားမြို့နယ်မှာ USDP ပါတီက အနိုင်ရခဲ့ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် (၈) နေရာအတွက် အုတ်တွင်း၊ သပိတ်ကျင်းနဲ့ မင်းဘူးမြို့နယ်တွေမှာ NLD က အနိုင်ရပြီး၊ တမူးနဲ့ ဆိပ်ကမ်းမြို့နယ်တွေမှာ USDP၊ မတူပီမြို့နယ်မှာ ချင်းအမျိုးသားဒီမိုကရေစီပါတီ၊ ရသေ့တောင်မြို့နယ်မှာ ဒေါက်တာအေးမောင်ရဲ့သား တသီးပုဂ္ဂလိကကိုယ်စားလှယ် ဦးတင်မောင်ဝင်းက အနိုင်ရရှိပြီး၊ မန္တလေးတိုင်းရဲ့ ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် NLD က ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်က အနိုင်ရသွားပါတယ်။
NLD ခေါင်းဆောင်တွေ မျှော်လင့်ပြောဆိုခဲ့သလောက် အနိုင်မရခဲ့သလို၊ မဲလာပေးသူဦးရေ နည်းပါးတဲ့အချက်တွေကို ဝေဖန်သူတွေက ထောက်ပြပြီး လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် NLD ပါတီအနေနဲ့ စိုးရိမ်စရာဖြစ်တယ်လို့ ဝေဖန်မှုတွေ ပေါ်ထွက်နေပါတယ်။
အခုရရှိတဲ့ ရွေးကောက်ပွဲရလဒ်တွေဟာ NLD အသိုင်းအဝန်းနဲ့ ၈၈ ငြိမ်း/ပွင့်အသိုင်းအဝန်းက ဖြစ်ပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုထုတ်ပြန်တာ မရှိသေးပါဘူး။