စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ပြည်သူ့ စစ်မှုထမ်းဥပဒေသတ်မှတ်ချက်နဲ့ အကျုံးဝင်တဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့အသက်အရွယ်ရောက်သူအဖြစ် မြို့နယ်ထွေအုပ်ရုံးထံ လာရောက်ပြီး မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်စာတွေ ပို့နေတယ်လို့ မြို့ခံတွေက မတ်လ ၁၄ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ဥတ္တရသီရိမြို့နယ် ပျဉ်းမနား-တောင်ညို ကားလမ်းမတစ်လျှောက် ရွာတချို့က လူငယ်တွေကို စာရင်းပေးဖို့အတွက် ဆင့်ခေါ်နေတာလို့ နေပြည်တော်ဒေသခံတစ်ဦးက ပြောပါတယ်။
"နေရာတိုင်းစာရင်းပေးဖို့ခေါ်နေတာတော့ မဟုတ်သေးဘူး။ ကျွန်တော်တို့ဘက်မှာမရှိသေးဘူး။ အခုက တောင်ညိုဘက်မှာ ခေါ်နေတာလို့ သိရတယ်။ ခေါ်တာကလည်း စာရင်းပေးဖို့ ခေါ်နေတာပေါ့နော်။ စစ်မှုထမ်းခိုင်းဖို့တော့ မဟုတ်သေးဘူး။ စစ်မှုထမ်းရမယ့်ကိစ္စတွေကတော့ သင်္ကြန်ကျော်ရင် စလာမယ် ထင်တယ်"
နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းမှာတော့ စစ်မှုထမ်းဖို့ စာရင်ပေးခိုင်းတာတွေမရှိသေးပေမယ့် လယ်ဝေးမြို့နယ်နဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းတို့နဲ့ ထိစပ်နေတဲ့ နယ်စွန်နယ်ဖျားက ရွာတွေမှာတော့ ပြည်သူ့စစ်ဖွဲ့ခိုင်းတာ၊ အလှည့်ကျ ကင်းစောင့်ခိုင်းတာတွေ ရှိနေတယ်လို့ လယ်ဝေးဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ နယ်ပြည်တော်ကောင်စီနယ်မြေ ပြောခွင့်ရသူ ညွှန်ကြားရေးမှူး ဦးသူအောင်ကို RFA က မတ်လ ၁၄ ရက်နေ့ မနက်က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် နည်းဥပဒေ တတိယမူကြမ်းအဆင့်ထိ ရေးဆွဲပြီးဖြစ်သလို၊ သင်တန်းတွေ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေးအတွက် လေ့ကျင့်သင်ကြားပေးမယ့် သင်တန်းကျောင်းတွေကိုလည်း လျာထားစီစဉ်ပြီးသွားပြီလို့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မတ်လ ၄ ရက်နေ့မှာ ပြောထားပါတယ်။
ရန်ကုန်တိုင်းက မြို့နယ်တွေမှာလည်း မတ်လဆန်းပိုင်းကစတင်ပြီး ပြည်သူစစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူစာရင်းကို ရပ်ကွက်အလိုက် လိုက်လံကောက်ယူနေပြီလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းမှာ ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဧပြီလကစပြီး လူငါးထောင်တစ်သုတ်စီ ခေါ်သွားမယ်လို့ စစ်ကောင်စီက ကြေညာထားပြီး ဒီဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရချိန်မှာ ပျက်ကွက်ရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။