စစ်တပ်အတွက် လက်နက်ဝယ်ရာမှာ အဓိကပါဝင်တဲ့ လူပုဂ္ဂိုလ် ၁၂ ဦးနဲ့ အဖွဲ့အစည်း ၃ ခုကို ကနေဒါ ပိတ်ဆို့အရေးယူ

ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၁၂ ဦးနဲ့ အဖွဲ့အစည်း ၃ ခုကို လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးအတွက် တာဝန်ရှိတဲ့အတွက် ပိတ်ဆို့အရေးယူမယ့် စာရင်းထဲမှာ ထည့်သွင်းကြောင်း ဒီဇင်ဘာလ ၉ ရက်က ကြေညာလိုက်ပါတယ်။

လူပုဂ္ဂိုလ် ၁၂ ဦး ကတော့ ဦးဇော်မင်းထွန်း၊ ဦးမောင်မောင်အုန်း၊ ဦးထွန်းထွန်းနိုင်၊ ဦးခင်မောင်ရီ၊ ဦးမျိုးမြင့်ဦး၊ ဦးသောင်းဟန်၊ ဦးဝင်းရှိန်၊ ဦးကိုကိုလွင်၊ ဦးအောင်စိုး၊ ဦးဇင်မင်းထက်၊ ဦးလှိုင်မိုးမြင့်နဲ့ ဦးမျိုးသစ္စာတို့ ဖြစ်ပြီး အဖွဲ့အစည်းသုံးခုကတော့ Dynasty International Company Limited၊ International Gateways Group နဲ့ Asia Sun Group တို့ဖြစ်ပါတယ်။

ဒီလူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေဟာ မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ရာမှာ အဓိကပါဝင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကနေဒါနိုင်ငံဟာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ အကြပ်အတည်းနောက်ပိုင်း မြန်မာနိုင်ငံက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအတွေကို ဒီပိတ်ဆို့ အရေးယူမှု နှစ်ကြိမ်နဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာလည်း ၆ ကြိမ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံကို လက်နက် တင်ပို့မှု ပိတ်ပင်ခြင်းနဲ့ ကနေဒါနိုင်ငံသားတွေအနေနဲ့ အရေးယူမယ့် စာရင်းထဲမှာ ပါသူတွေနဲ့ စီးပွားရေး ဆက်ဆံမှုတွေ မလုပ်ဖို့ ကန့်သတ်ချက်တွေ ချမှတ်ထားတယ်လို့ မနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။