အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမျိုးကျော်နဲ့ ဖားကန့်မြို့ သပိတ်ခေါင်းဆောင် ကိုစိုင်းမောင်တို့နှစ်ဦး အဖမ်းခံရပြီး တစ်လနီးပါးကြာတဲ့အထိ အဆက်အသွယ် မရတာ ကြောင့် စိုးရိမ်နေတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အသက် ၃၈ နှစ်အရွယ် လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမျိုးကျော်နဲ့ အသက် ၃၀ နှစ်အရွယ် ကိုစိုင်းမောင်တို့ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့အထွက် ၂၁ မိုင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရတာပါ။
လက်ရှိ တစ်လနီးပါးကြာတဲ့အထိ အဆက်အသွယ်မရသလို စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတွေ နဲ့ ရဲစခန်းထံ ဆက်သွယ်စုံစမ်းရာမှာလည်း သတင်းအတိအကျမရဘဲ သေဆုံးပြီဆိုတဲ့ သတင်းတွေသာ ထွက်ပေါ်လာတယ်လို့ သူတို့နှစ်ဦးရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ကို ဖမ်းသွားတဲ့အချိန်က မြစ်ကြီးနားထဲကိုပဲ ပြန်ခေါ်လာတာ ဟုတ်တယ်။ သုံးရက်လောက်ကြာတော့ ရန်ကုန်က စစ်ကြောရေးကို ပို့တယ်လို့ ကြားတယ်။ လိုက်စုံစမ်းတော့လည်း သတင်းက မရေရာပြန်ဘူး။ အခုလည်း စစ်ကြောရေးမှာဆုံးပြီလို့ ဒီရက်ပိုင်း သတင်းတွေ ထွက်လာတယ်။ ဒီသတင်းကြားတော့ မိသားစုဝင်တွေလည်း အရမ်းစိုးရိမ်ပြီး တုန်လှုပ်ကြတယ်။ ဘယ်လိုက်စုံစမ်းရမလဲ မသိဘူးဖြစ်နေတယ်"
အဖမ်းခံရသူတွေဟာ NLD ပါတီဝင်နဲ့ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့အပြင် ဖမ်းမိချိန်က NUG အစိုးရ ငွေတိုက်စာချုပ်နဲ့ PDF နဲ့ ဆက်စပ်တဲ့ ဓာတ်ပုံတွေပါ ပါဝင်တာကြောင့် မိသားစုဝင်တွေက ပိုစိုးရိမ်နေကြတာလို့ ဆိုပါတယ်။
မိသားစုဝင်တွေနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်အာဏာသိမ်း တစ်နှစ်ခွဲကျော်အတွင်း တစ်နိုင်ငံလုံးမှာ ပြည်သူ ၁၂,၃၄၀ ဦး ဖမ်းဆီး ခံခဲ့ရပြီး အဲဒီအထဲက ၁,၄၄၈ ဦး ထောင်ချခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။