စစ်သုံ့ပန်းဥပဒေချိုးဖောက်သူတွေကို စိစစ်အရေးယူမယ်လို့ ချင်းပြည်ကောင်စီထုတ်ပြန်
2024.06.27
တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပေါ် စစ်သုံ့ပန်းဥပဒေချိုးဖောက်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ရဲ့ လုပ်ရပ်တွေကို စုံစမ်းဖော်ထုတ်ပြီး အပြစ်ပေးအရေးယူသွားမယ်လို့ ချင်းပြည်ကောင်စီ (Chinland) က ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေတွေကို ဖောက်ဖျက်တဲ့ တပ်ဖွဲ့ဝင်တွေကို စိစစ်ပြီး အရေးယူသွားမယ်လို့ ချင်းပြည်ကောင်စီပြောခွင့်ရ ဆလိုင်းပေါလ်က RFA ကိုပြောပါတယ်။
"ကျွန်တော်တို့က Geneva Convention နဲ့အတူ တွဲပြီးတော့မှ စစ်ဘက်ဆိုင်ရာ လမ်းညွှန်ဥပဒေတွေနဲ့အတူတူ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်၊ ဒါတွေကို သက်ဆိုင်ရာ Chinland ကောင်စီမှာပါတဲ့ အဖွဲ့အသီသီးမှာရှိတဲ့ ရဲဘော်တွေကို လိုအပ်တဲ့ သင်တန်းတွေ Geneva Call နဲ့ပေါင်းပြီးတော့ စတင်ဆောင်ရွက်နေတာ ရှိတယ်၊ စစ်ဆင်ရေးမှာ ကျွန်တော်တို့ရဲ့ ရဲဘော်တွေက ကျူးလွန်ထားတဲ့ အမှုတွေကို အပြည့်အဝ တာဝန်ယူမှုအနေနဲ့ တာဝန်ယူပြီးတော့မှ စိစစ်ပြီးတော့မှ ရဲဘော်တွေကို အရေးယူဆောင်ရွက်ပေးဖို့အတွက်လည်း အခုပြုလုပ်နေဆဲ ဖြစ်ပါတယ်"
ဆလိုင်းပေါလ်ရဲ့ ပြောပြချက်အရ တိုက်ပွဲတွေအတွင်း လက်နက်ချလာသူတွေ၊ ဒဏ်ရာရပြီးနောက် ပြန်လည်တိုက်ခိုက်တာမရှိဘဲ ပူးပေါင်းလာသူတွေ၊ ဆေးကုသမှုခံယူနေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းလို မဆက်ဆံဘဲ လူ့အခွင့်အရေးချိုးဖောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်သူတွေ ရှိနေပါတယ်။
မေလ ၂၃ ရက်နေ့က တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်သား သုံးဦးကို ချင်းပြည်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ ဇွန်လ ၂၂ ရက်နေ့က လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီရုပ်သံဖိုင်ကိုကြည့်ရှုတဲ့သူတွေက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခဲ့ကြပြီးနောက် အခုလို ကြေညာချက် ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
စစ်ဆင်ရေးကာလအတွင်းမှာ စစ်သုံ့ပန်းတွေကို စစ်ဘက်ဆိုင်ရာ ဥပဒေနဲ့အညီ လိုက်နာဆက်ဆံဖို့ အားနည်းပေမဲ့ အရပ်သားပြည်သူတွေအပေါ်ကိုတော့ လူ့အခွင့်အရေးချိုးဖောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်တာ မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ချင်းပြည်နယ်မှာ တွန်းဇံမြို့ အပါအဝင် ကျီခါး၊ ရိဒ်ခေါဒါရ်၊ ဆူရ်ခွား၊ ရေဇွာ၊ လိုင်လင်းပီ၊ မကွီးအိမ်နူး၊ နှာရိန်၊ ဝေဘူလ၊ ကျင်ဒွေး စတဲ့မြို့ ဆယ်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။