ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ရဲ့ ဈေးကွက်စောင့်ကြည့်ရေး အစီရင်ခံစာအရ အခြေခံစားသောက်ကုန်တွေ ပါဝင်တဲ့ စျေးခြင်းတစ်ခြင်းရဲ့ ပျမ်းမျှကုန်ကျစရိတ်ဟာ မြန်မာငွေ ၅၁,၁၈၇ ကျပ်အထိ ရှိလာပြီး ဒါဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီနောက်ဆုံးပတ်နဲ့ နှိုင်းယှဉ်ရင် ၂၀ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။
ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဆန်၊ ကုလားပဲနဲ့ ဆားစျေးနှုန်းတွေ မြင့်တက်ခဲ့ပြီး ဒါဟာ လက်နက်ကိုင်ပဋိပက္ခတွေ၊ လောင်စာဆီဈေးနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာတာတွေက အဓိကအကြောင်းရင်းဖြစ်တယ်လို့ WFP က ဆိုပါတယ်။ လက်ရှိ ကြက်ဥတစ်လုံးကို ကျပ် ၄၀၀ ကနေ ၇၀၀ အထိ၊ ကြက်သွန်နီတစ်ပိဿာဆိုရင် ကျပ် ၃,၀၀၀ ကနေ ၇,၀၀၀ အထိ မြင့်တက်နေပါတယ်။
မန္တလေးမြို့မှာ မိသားစု ခြောက်ယောက်အတွက် မီးဖိုချောင်စရိတ် စီမံနေရတဲ့ အိမ်ရှင်မတစ်ဦးက ကုန်စျေးနှုန်းတွေ တက်နေတာကြောင့် အခုဆို အစားအသောက်ကို ခြိုးခြံချွေတာပြီး ဝယ်နေရတယ်လို့ ပြောပါတယ်။
“မတက်တာကို ဘာမှမရှိဘူး။ ဆန်တစ်ပြည်တောင် ၈၅၀၀ ဖြစ်သွားပြီ။ အခုက ခရမ်းချဉ်သီး အစိတ်သားလည်း တချို့မိသားစုများတဲ့သူတွေက အစိတ်သားကို ၁၅၀၀ ကြီးကျ မဝယ်နိုင်ဘူး။ တချို့ဆို ထမင်းတောင် ပုံမှန် နပ်မှန်အောင်မစားနိုင်ကြဘူး။ အရင်တုန်းက အကြော်တစ်ခု ၁၀၀ ဝယ်ရတာ အခု ၁၀၀၀ ဖိုး ၄ ခု ဖြစ်သွားပြီ”
WFP အဆိုအရ ပဋိပက္ခပြင်းထန်နေတဲ့ မကွေးတိုင်းမှာတော့ ဖေဖော်ဝါရီနောက်ဆုံးပတ်ကနေ ဇူလိုင်ပထမပတ်အထိ အခြေခံစားသောက်ကုန်ဈေးနှုန်း ၃၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးကတော့ ဝင်ငွေတိုးမလာတာကြောင့် အခြေခံစားသောက်ကုန်တွေ ဝယ်ဖို့တောင် ခက်ခဲနေတယ်လို့ ပြောပါတယ်။
“တစ်မနက်စာလုပ်အားခမှ ငါးထောင်ရှိတာ။ တစ်ကယ်တမ်း အခြေခံစားသောက်ကုန် ဝယ်မယ်ဆိုရင် ဆားဆိုရင် တစ်ပိဿာ၊ အသားဆိုရင် ၁၅ ကျပ်သားလောက်ပဲရမယ် အဲဒီငါးထောင်က တစ်ကယ်တမ်း နေထိုင်စားသောက်စားရိတ်ကို တွက်မယ်ဆိုရင် ဘယ်လိုမှ မကာမိဘူးရယ်။ အသားငါးကျတော့လည်း ပုံမှန်ကြီးမစားနိုင်တော့ဘူး”
သမ္မတရာထူးယူထားတဲ့ အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ကလည်း ကုန်ဈေးနှုန်းကြီးမြင့်မှုဟာ နိုင်ငံရဲ့ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေတယ်လို့ ဇူလိုင် ၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ ဝန်ခံခဲ့ပါတယ်။
ကုန်ဈေးနှုန်းမြင့်တက်မှုဟာ စစ်ဘေးဒုက္ခသည်တွေကို ထောက်ပံ့နေတဲ့ ကူညီပေးရေးအဖွဲ့တွေ အပေါ်မှာလည်း သက်ရောက်မှုရှိနေပါတယ်။
စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူ မဖူးပွင့်ဝေ က ကုန်စျေးနှုန်းမြင့်တက်နေတဲ့အကျိုးဆက်ကြောင့် ထောက်ပံ့နိုင်တာတွေ လျော့လာတယ်လို့ ပြောပါတယ်။
“အရင်တုန်းက အလှူရှင်က ငါးသိန်းပေးလိုက်တယ်ဆိုရင် အိမ်ထောင်စု ၂၀ ရတယ်ဆိုရင် အခုက ၁၅ ဦးလောက်ပဲရတော့တာမျိုး။ အရင်တုန်းက ဆန် ၅ ပြည်ဆိုရင် အခု ဆန် ၃ ပြည် ၂ ပြည် အဲဒီလိုမျိုးပဲ ဝေနိုင်တော့တယ်ပေါ့နော်။ ဒါတွေဟာ ရေရှည်မှာ အဟာရချို့တဲ့မှုတွေ ဖြစ်လာနိုင်တယ်လို့ ယူဆတယ်”
တစ်ချိန်က ပုံမှန်ဝယ်ယူစားသုံးနိုင်ခဲ့တဲ့ အခြေခံစားသောက်ကုန်တွေကို အခုအခါမှာ လျှော့ဝယ်နေရတာ၊ တန်ဖိုးနည်းပစ္စည်းတွေကို အစားထိုးရွေးချယ်လာတာနဲ့ အသားငါးစားသုံးမှုကို လျှော့ချနေရတာတွေကြောင့် စားနပ်ရိက္ခာလုံခြုံမှုဟာ မြန်မာပြည်သူတွေအတွက် နေ့စဉ်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေပါတယ်။
---
