တွန်းဇံမြို့က CDM ကျောင်းဆရာမနဲ့ ဖခင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

ချင်းပြည်နယ်၊ တွန်းဇံမြို့မှာ အာဏာဖီဆန်‌ရေးလှုပ်ရှားမှုမှာပါ၀င်နေတဲ့ CDM ကျောင်းဆရာမ တစ်ဦးကို စစ်ကောင်စီက မတ်လ ၁၃ ရက်နေ့မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သလို သူ့ရဲ့ ဖခင်ကိုလည်း ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့တယ်လို့ တွန်းဇံမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူဟာ အသက် ၂၃ နှစ်အရွယ် မူလတန်းပြဆရာမ မဝုန်ဟွဲကိမ် ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သူ့ရဲ့နေအိမ်မှာ ဖခင်ဖြစ်သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

သူတို့သားဖနှစ်ဦးကို တွန်းဇံမြို့ စစ်ခုံရုံးကနေ အမိန့်ချမှတ်ခဲ့တာလို့ လုံခြုံ‌ရေးအရ အမည်မဖော်လိုတဲ့ တွန်းဇံမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အမိန့်ကတော့ တွန်းဇံမြို့ စစ်ခုံရုံးမှာပဲချလိုက်တာ။ ဘာအမှုတွေ၊ ဘာပုဒ်မတွေနဲ့ ချတယ်ဆိုတာတော့ သေချာချာ မသိနိုင်ဘူး။ ဆရာမကတော့ တစ်သက်တစ်ကျွန်းပဲ၊ သူ့အဖေကတော့ ခုနစ်နှစ်။ CDM လုပ်တာကို မကျေနပ်လို့ Non CDM တွေက တိုင်တာလို့ပြောတယ်"

လက်ရှိမှာ ဆရာမ မဝုန်ဟွဲကိမ်နဲ့ သူမရဲ့ ဖခင်ကို တွန်းဇံမြို့က စစ်ကောင်စီတပ်စခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေတာ မရှိပါဘူး။

ထောင်ဒဏ်တစ်သက်ချမှတ်ခံရတဲ့ ဆရာမ မဝုန်ဟွဲကိမ်ဟာ စစ်တပ် အာဏာသိမ်းစအချိန်ကတည်းက အာဏာဖီဆန်‌ရေး လှုပ်ရှားမှု CDM မှာ ပါဝင်နေတာလို့ ဆိုပါတယ်။