စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ရွာက ဆန္ဒပြ လူငယ်တစ်ယောက်နဲ့ အသက် ၅၀ ကျော် အမျိုးသားနှစ်ယောက်၊ စုစုပေါင်း သုံးယောက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဒီကနေ့ ဇွန်လ ၈ ရက်နေ့မနက်ပိုင်းမှာ ပစ်ခတ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက် ၅ နာရီလောက်က ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ရွာကို စစ်သားတွေ ဝင်ရောက်လာတဲ့အတွက် ရွာသူ၊ ရွာသားတွေ ထွက်ပြေးကြရာမှာ၊ အသက် ၅၀ ကျော်အရွယ် ဦးဖိုးတွတ်နဲ့ ဦးမောင်ဦးတို့ ဖမ်းဆီးခံလိုက်ရပြီး၊ အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြပွဲတွေ လုပ်ခဲ့တဲ့ ကိုမာန်ဇာမြေမွန်ကိုတော့ ရှမ်းထူးရွာအနီးမှာ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“စစ်သားတွေ ရွာထဲဝင်လာတာနဲ့ သေနတ်တွေနဲ့ ပစ်တယ်။ ဘာလို့ဝင်တယ်ဆိုတာ မသိရဘူး။ သူတို့လာလို့ ရှောင်တာကိုတွေ့ပြီး ဖမ်းခံလိုက်ရတာ၊ ဖမ်းခံရတဲ့ သုံးယောက်မှာ မာန်ဇာမြေမွန်ကတော့ ရိုက်နှက်ပြီး အဖမ်းခံလိုက်ရတယ်”
စစ်သားတွေက ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကို အခုလို ဝင်ရောက် ပစ်ခတ် ရှာဖွေတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ ဝင်ရောက်ခဲ့စဉ်ကလည်း နေအိမ်အချို့ရှိ အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။