သမ္မတအရည်အချင်း စိစစ်ရေးအဖွဲ့ ဖွဲ့စည်း

ရွေးကောက်ခံပြည်သူ့လွှတ်တော်အစုအဖွဲ့က ရွေးချယ်လိုက်တဲ့ ဒုတိယသမ္မတ ဦးဝင်းမြင့်ကို သမ္မတအရည်အချင်း နဲ့ ပြည့်စုံမှုရှိ၊ မရှိ စိစစ်ဖို့အတွက် အဖွဲ့ဝင် ၇ ဦးပါတဲ့ စိစစ်ရေးအဖွဲ့ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအရည်အချင်း စိစစ်ရေးအဖွဲ့ကို လွှတ်တော်ဥက္ကဌနှစ်ဦး၊ ဒုတိယဥက္ကဌနှစ်ဦး ၊ ပြည်သူ့လွှတ်တော်က ဒေါ်ခင်စန်းလှိုင်၊ အမျိုးသားလွှတ်တော်က ဦးအောင်ကြည်ညွန့်နဲ့ တပ်မတော်သားအစုအဖွဲ့ က တဦး စုစုပေါင်း ၇ ဦးနဲ့ ဖွဲ့စည်းလိုက်တာပါ။

သမ္မတဖြစ်လာမယ်လို့ ခန့်မှန်းနေကြတဲ့ ဦးဝင်းမြင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ ပါအချက်တွေနဲ့ ညီညွတ်ခြင်းရှိ၊ မရှိကို အဲဒီအဖွဲ့က စိစစ်ရမှာဖြစ်ပါတယ်။

အဲဒီပုဒ်မထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ဖို့ တားဆီးထားတဲ့ ပုဒ်မ ၅၉(စ)ဖြစ်တဲ့ သမ္မတလောင်းရဲ့ သား၊ သမီး၊ ချွေးမ၊ သားမက်ဖြစ်သူတွေဟာ နိုင်ငံခြားသား မဖြစ်ရတာ အပါအဝင် မိဘနှစ်ပါးစလုံး နိုင်ငံသားဖြစ် ရမယ်၊ နိုင်ငံတွင်း နှစ် ၂၀ ဆက်တိုက်နေထိုင်ရသူဖြစ်ရမယ် စတဲ့အချက်တွေ ပါဝင်ပါတယ်။

အဲဒီအချက်တွေနဲ့ ညီညွှတ်တယ်လို့ စိစစ်ရေးအဖွဲ့က သတ်မှတ်ရင် လာမယ့် သီတင်းပတ်အတွင်းမှာ ဒုတိယသမ္မတ သုံးဦးထဲက မဲအများဆုံးတဦးကို သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ ရွေးချယ်မှာဖြစ်ပါတယ်။