မောင်ထိပ်ကွက်အမှု အလုပ်ရှင်ကို ထောင်ဒဏ် ၇ နှစ်ချမှတ်

ဧရာဝတီတိုင်း ဟင်္သာတမြို့က ကလေး အလုပ်သမား မောင်စိုးထက်အောင် ခေါ် ထိပ်ကွက်ကို အကြမ်းဖက် နှိပ်စက်တဲ့ အလုပ်ရှင် ဦးဆက်မူးဌေးဝင်းကို တရားရုံးက ဒီကနေ့ ထောင်ဒဏ် (၇) နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ဟင်္သာတမြို့နယ် တရားရုံးကနေ You and Me လဘက်ရည်ဆိုင် ပိုင်ရှင် ဦးဆက်မူးဌေးဝင်းကို ပုဒ်မ (၃၂၆) အပြင်းအထန် နာကျင်စေမှု အတွက် ပြစ်ဒဏ် (၇) နှစ်၊ ပုဒ်မ (၃၄၂) အတွက် ပြစ်ဒဏ် (၂) နှစ် ချမှတ်လိုက်ပြီး တပေါင်းတည်း ပြစ်ဒဏ် (၇) နှစ် စီရင်လိုက်တာပါ။ ဒါပေမယ့် နှိပ်စက်ညှဉ်းပန်းခံရတဲ့ မောင်စိုးထက်အောင် ခေါ် ထိပ်ကွက်အတွက် နစ်နာကြေး ဘယ်လောက် ပေးဆောင်ရမယ်ဆိုတဲ့ ပြစ်ဒဏ် ချမှတ်တာတော့ မတွေ့ရဘူးလို့သိရပါတယ်။ လောလောဆယ်မှာ စာနာ သနားသူများက ပေးကျွေးတာနဲ့ ရပ်တည် နေရကြောင်း၊ နောက်ပိုင်းမှာတော့ ဓမ္မာဗိမာန် ပရဟိတ ဦးဆောင် ဆရာတော်က အလှူခံပြီး ကလေးရဲ့ ပြုစုပျိုးထောင်ရေးအတွက် ဆောင်ရွက်ပေးဖို့ စီစဉ်ထားကြောင်း ဟင်္သာတမြို့ခံ တဦးက RFA ကို ပြောပြ ပါတယ်။ မောင်ထိပ်ကွက်ဟာ ဟင်္သာတမြို့ဗိုလ်ချုပ်လမ်း ဦးပါရယ် ဘုရားရှေ့ You and Me လဘက်ရည် ဆိုင်မှာ အလုပ်လုပ်နေရတဲ့ အသက် ၉ နှစ် အရွယ် မိဘမဲ့ ကလေးတဦးဖြစ်ပြီး၊ သူ့ကို ဆိုင်ပိုင်ရှင်က ဇွန်လ ၂၅ ရက်နေ့မှာ ပြင်းပြင်းထန်ထန် နှိပ်စက်လိုက်တဲ့ အတွက် ကိုယ်အင်္ဂါ ထိခိုက်ပြီး ဆေးရုံတင်ခဲ့ရပါတယ်။ ဒေသခံအာဏာပိုင် တွေကြားမှာတော့ မောင်ထိပ်ကွက်ရဲ့ဘဝ ရှေ့ရေး ဆွေးနွေးခဲ့ကြပေမယ့် ဘယ်လို ကူညီစောင့်ရှောက် သွားမယ်ဆိုတာ မသိရသေးဘူးလို့ဒေသခံတွေက ပြောပါတယ်။