မော်လိုက်မြို့နယ် ဝဲဒေါင့်ရွာ စီးနင်းခံရမှု ကိုးနှစ်အရွယ် ကလေးတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ဝဲဒေါင့်ရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက် မနေ့က ဝင်ရောက်စီးနင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ဝဲဒေါင့်ရွာသား ကိုးနှစ်အရွယ် မောင်ခန့်ဖြိုးသူ သေနတ်ကျည်ဆန်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၈၀ နီးပါးရှိတဲ့ စစ်ကြောင်းဟာ မနေ့က မနက်ပိုင်း ဝင်ရောက်စီးနင်းစဉ် ရွာထဲက အရပ်သားတွေ ထွက်ပြေးနေတဲ့ဘက်ကို ပစ်ခတ်တာကြောင့် အဲဒီကလေးကို သေနတ် ကျည်ဆံ ထိမှန်သေဆုံးခဲ့တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သေဆုံးသွားတဲ့ ကလေးက ခန့်ဖြိုးသူလို့ ခေါ်တယ်၊ သူတို့မိသားစုက ရွာကနေ စစ်ဘေးရှောင်တော့ အဝေးကြီးမပြေးဘဲ ရွာဘေးက တောထဲ ဝင်ပြေးတာပေါ့၊ အဲဒီမှာ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရမ်းသန်းပစ်တော့ ကလေးကိုထိပြီး ဆုံးသွားတာပါ"

အဲဒီ ကလေးငယ်ဟာ သေနတ်ဒဏ်ရာ လေးချက်နဲ့ နေရာမှာတင် သေဆုံးခဲ့ပြီး မနေ့က ညပိုင်းမှာပဲ သင်္ဂြိုဟ်လိုက်ပြီလို့ သူကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ဝဲဒေါင့်ရွာဟာ စစ်ရေးဗျုဟာအရ အချက်အချာကျတဲ့နေရာဖြစ်ပြီး ရွာထဲမှာ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေ အခြေချနေထိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဝဲဒေါင့်ရွာမှာ အိမ်ခြေ ၃၀၀၊ လူဦးရေ ၉၀၀ ကျော် နေထိုင်ပြီး လက်ရှိအချိန်အထိ စစ်ကြောင်းက ရွာထဲမှာ တပ်စွဲထားကြောင့် ဒေသခံတွေ ရွာကိုပြန်မကပ်နိုင်သေးဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းထားတဲ့ ၂၂ လ အတွင်းမှာ မော်လိုက်မြို့နယ်ထဲက ယူးဝ၊ မကျည်းတန်း၊ ပရောက်၊ တပ်ကုန်း၊ ယောစု၊ ဝဲကသာ၊ ဝါးရုံသာ၊ ပန်းသာ၊ ခါဝဲ၊ ရေခါတွန်၊ ကုန်းခါတွန်၊ မှော်ကူးနဲ့ တွန်းပင် စတဲ့ ရွာ ၁၃ ရွာက နေအိမ် ၅၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၁၄,၆၆၀ ဦး ရှိတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

မီးရှို့ခံရမှု ဖြစ်စဉ်တွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ကတော့ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှု ကြောင့် ယခုနှစ် နိုဝင်ဘာလ (၃၀) ရက်အထိ နေအိမ် ၂၇,၄၉၆ လုံး ပျက်စီးခဲ့တယ်လို့ ဒီဇင်ဘာလ ၁၀ ရက်က ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ၆၁၆,၅၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။