ကလေးငယ် နှစ်ဦးသေဆုံးမှုအတွက် CDF လက်တုံ့ပြန်တိုက်ခိုက်

စစ်ကောင်စီရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ကလေးငယ်နှစ်ဦးအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီစခန်း တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ချင်းဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ချင်းပြည်နယ်၊ ဟားခါး – မတူပီကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကျောဘုတ် စစ်ဆေးရေးစခန်းကို ချင်းဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ CDF - ဟားခါး battalion 2 (ဆဲန်ထန်း)က ဒီကနေ့မနက်ပိုင်းက သွားရောက်ပစ်ခတ်ခဲ့တာလို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ငါးဦးထက်မနည်းသေဆုံးပြီး၊ အများအပြား ဒဏ်ရာရခဲ့ပြီး CDF ဘက်ကတော့ ဒဏ်ရာရ၊ သေဆုံးတာ မရှိဘူးလို့ အဲဒီအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ဘာမှပြောဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ နှစ်ရက်က ချင်းပြည်နယ် ဟားခါးမြို့၊ ဘွန်လုန်ရွာပေါ်ကို စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီး ကျလာတာကြောင့် ကျောင်းကနေ ပြန်လာတဲ့ ခြောက်နှစ်နဲ့ ခုနစ်နှစ်အရွယ် ယောက်ျားလေးနှစ်ဦးသေဆုံခဲ့ပြီး ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ပြင်းထန်တဲ့ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါ တယ်။

"သူတို့ ကျောင်းကနေ အိမ်ပြန်အလာမှာ သူတို့နားကို လက်နက်ကြီးက ကျလာတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလိုကျောင်းကပြန်လာတဲ့ အပြစ်မဲ့ကလေးတွေသေဆုံးရတာနဲ့ ပတ်သက်လို့ ကမ္ဘာ့ကလေးသူငယ်အရေး လှုပ်ရှားတဲ့ Save The Children အဖွဲ့က‌ ... ကလေးတွေဟာ လုံလုံခြုံခြုံ စာသင်ခွင့်ရရမှာ ဖြစ်သလို၊ ကျောင်းသွားဖို့ ကြောက်ရွံ့နေတာမျိုး မဖြစ်သင့်ကြောင်း၊ ကလေးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုး မလုပ်သင့်ကြောင်း ပြောထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာက စာသင်ကျောင်းကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ခုနှစ်ဦး အပါအဝင် ၁၃ ဦးသေဆုံးခဲ့ရပါတယ်။