ချင်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒုက္ခသည် တစ်သိန်းလေးသောင်းနီးပါးရှိလာ

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်ထိ ချင်းပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းလေးသောင်းနီးပါး ရှိလာပြီလို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ပြည်တွင်း စစ်ဘေးဒုက္ခသည် ၉၉,၅၅၀ ကျော်နဲ့ ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ပြေးဒုက္ခသည် ၄၀,၀၀၀ ကျော်ထိ ရှိခဲ့တာပါ။

ချင်းပြည်နယ်က မြို့နယ် ကိုးခုလုံးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး တိုက်ပွဲပေါင်း ၆၀၀ နီးပါးမှာ မင်းတပ်မြို့နယ်ထဲမှာတော့ တိုက်ပွဲပေါင်း ၁၂၅ ကြိမ်ကျော်နဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ ISP Myanmar ရဲ့ အကြီးတန်းသုတေသီ ဦးကျော်ထက်အောင်က ပြောပါတယ်။

“ပဋိပက္ခကတော့ ချင်းပြည်နယ်တစ်ပြည်လုံးမှာ ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ ဒါကတော့ အချက်အလက်အားဖြင့်ပေါ့။ မြို့နယ်အားလုံးမှာတော့ ဖြစ်နေတယ်။ ဒါပေမဲ့ နေရာတိုင်းဖြစ်နေတာတော့ မဟုတ်ဘူးပေါ့နော်။ ဥပမာ- ရွာတိုင်း ဖြစ်နေတာတော့ မဟုတ်ဘူး”

ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှု ၃၃ ကြိမ်ထိ ရှိခဲ့ပြီး အဲဒီအထဲက ရက္ခိုင့် တပ်တော် (AA) လှုပ်ရှားနေတဲ့ ပလက်ဝမြို့နယ်မှာတော့ လေကြောင်းတိုက်ခိုက်ခံရမှု ၂၇ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ချင်းပြည်နယ်က နေအိမ်နဲ့ အဆောက်အအုံ ၁၁၇၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ထန်တလန်မြို့နယ်မှာ နေအိမ်၊ အဆောက်အအုံ ၁၀၁၁ လုံးနဲ့ မီးရှို့ဖျက်ဆီးခံရမှုအများဆုံးဖြစ်ခဲ့တယ်လို့ ISP Myanmar ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။