ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်က သာယာကုန်း၊ ကျောက်ပလ္လင်၊ ဆတ္တလာဝ စတဲ့ ကျေးရွာ သုံးရွာက ဒေသခံ ၅၀၀ ကျော်ဟာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်တာကြောင့် အောက်တိုဘာလ ၃၀ ရက်နေ့ ကစပြီး ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သာယာကုန်း၊ ကျောက်ပလ္လင်နဲ့ ဆတ္တလာဝကျေးရွာတွေရဲ့ တစ်ဘက်ကမ်းမှာ ရက္ခိုင့် တပ်တော် (AA) ကနေရာယူထားသလို ရွာတွေထဲမှာလည်း စစ်ကောင်စီတပ်တွေရှိနေ တာကြောင့် ထွက်ပြေးလာတာဖြစ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးဇာကျေးရွာကို တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စားသောက်ရေးအပြင် နေထိုင်ရေးအတွက်ပါ အခက်အခဲဖြစ်နေတယ်လို့ အကူညီပေးနေသူက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ ချင်းပြည်နယ် စစ်ကောင်စီရဲ့ ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ပလက်ဝမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ သာယာကုန်း၊ ကျောက်ပလ္လင်နဲ့ ဆတ္တလာဝကျေးရွာ သုံးရွာမှာ အိမ်ခြေ ၁၀၀ ကျော်နဲ့ လူဦးရေ ၅၀၀ ကျော်ရှိနေပါတယ်။
လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေဟာ မီးဇာကျေးရွာရှိ ဆွေမျိုးအိမ်တွေနဲ့ ဘုရားကျောင်းမှာ နေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ပလက်ဝမြို့မှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်အထိရှိလာပြီး အများစုက ပလက်ဝမြို့ပေါ်နဲ့ ဆမီးမြို့ပေါ်က စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြသလို တချို့ကတော့ တစ်ဘက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲနဲ့နယ်စပ် နားတွေမှာ ခိုလှုံနေတယ်လို့ ပလက်ဝ စစ်ဘေးဒုက္ခသည် ကူညီပေးနေသူတွေက ပြောပါတယ်။