တရုတ်နယ်စပ်မှာ မြန်မာနိုင်ငံသားတွေအပေါ် ပိုမိုတင်းကြပ်လာ

2018-06-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာ-တရုတ် နယ်စပ်ဂိတ်ကို တွေ့ရစဉ်
မြန်မာ-တရုတ် နယ်စပ်ဂိတ်ကို တွေ့ရစဉ်
ဓါတ်ပုံ ကိုခင်မောင်လွင်

တရုတ်မြန်မာနယ်စပ် မူဆယ်မြို့နယ် အပါအဝင် နယ်စပ်ဝင်ထွက်ပေါက်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး တရုတ်နိုင်ငံဘက်ကိုဝင်တဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ်လုပ်နေပါတယ်။

နယ်စပ်ဝင်ပေါက်တွေမှာ တရုတ်နိုင်ငံဘက်က တင်းကြပ်မှုတွေလုပ်နေတာနဲ့ ပတ်သက်ပြီး တရုတ်ပြည်ပရေးရာဌာန ကို မေးမြန်းထားတယ်လို့ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန်က ပြောပါတယ်။

"အဓိကတော့ ဟိုဘက်က ကျန်းမာရေးအဖွဲ့ကစစ်တာဗျ၊ တပိုင်တနိုင်အဖွဲ့ရယ်တော့ မဟုတ်ဘူးဗျာ၊ ကျန်းမာရေး အဖွဲ့က ဘာဖြစ်တယ်တို့ သူတို့ဆီမှာ မုန့်ရောင်းသည်တို့၊ ချဉ်ပေါင်းသည်တို့လို ဟာမျိုးလေးတွေရှိတယ်လေ၊ အဲဒါလေးတွေကို သူတို့က ကျန်းမာရေးအနေနဲ့ စစ်ပြီးတော့မှ သူတို့က ပေးမဝင်တာလို့ ကျနော်တို့ စုံစမ်းသိရ တာပေါ့နော်၊ သူတို့အနေနဲ့ ဘာရည်ရွယ်ချက်နဲ့ လုပ်လဲဆိုတာကတော့ ကျနော်တို့က ပြည်ပရေးရာနဲ့သက်ဆိုင်ရာ ကို ကျနော်တို့ မေးတော့မေးထားတယ်ဗျ"

အရင်ကလို အခြေအနေ မဟုတ်တော့ဘဲ အခုဆိုရင် ကုန်ပစ္စည်းသယ်ဆောင်မှုတွေကို တားဆီးတာတွေအပြင် တရုတ်နိုင်ငံဘက်ကို တနိုင်တပိုင်ပစ္စည်းတွေ သယ်ယူတာတွေကိုလည်း ကန့်သတ်တာတွေရှိတယ်လို့ ဒီနေ့ နယ်စပ်ဝင်ပေါက်တွေကို သွားရောက်လေ့လာခဲ့တဲ့ မူဆယ်မြို့ခံ ကိုခင်မောင်လွင် က ပြောပါတယ်။

"ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ ကျနော် သွားပြီးတော့လေ့လာတဲ့အပေါ်မှာပေါ့နော်၊ ကျနော်တို့ မြန်မာနိုင်ဘက် ကနေပြီးတော့ တင်ပို့တဲ့ပစ္စည်းတွေအပေါ်မှာဆိုလို့ရှိရင် စားသောက်ကုန့်ပတ်သက်ပြီးတော့ သူတို့ လုံးဝအဝင်မခံ ဘူးဖြစ်နေတယ်၊ တချို့ဆိုရင် တပိုင်တနိုင်ပေါ့ သူတို့ အိမ်စားဖို့အတွက် ဆန် ၂ ပြည် ၃ ပြည် ယူသွားတာတောင် မှ အဲဒီ ဆန်အိတ်တွေကအစ ပေးမဝင်ဘူး၊ လူလည်းပေးမဝင်ဘူး၊ အဲဒီလို အနေအထားတွေမှာရှိနေတာ တရုတ်ဘက်က၊ သူတို့နိုင်ငံဘက်ကပစ္စည်းကျတော့ ကျနော်တို့ဘက်ကို အသီးဝလံတွေရော၊ စားသောက် ကုန်တွေရော တောက်လျှောက်ကို အကုန်ဝင်လို့ရနေတယ်ဗျ"

တရုတ်နိုင်ငံဘက်က စစ်ဆေးမှုတွေလုပ်တာဟာ ခြောက်လတစ်ကြိမ် လုပ်နေကြလို့ ဆိုနိုင်ပေမယ့် ဒီတစ်ခေါက် မှာတော့ အရင်နဲ့မတူတဲ့ လက်ဆယ်ချောင်းလုံးကို လက်ဗွေရာတွေယူတာတွေအပါအဝင် တင်းကြပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်တာကြောင့် မြန်မာနယ်စပ်ကနေ တရုတ်နိုင်ငံထဲကိုသွားမယ့်သူတွေနဲ့  ပစ္စည်ပို့မယ့် ကုန်တင်ကားတွေ ဝင်ထွက်ဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မြန်မာဘက်က တနိုင်တပိုင်ကုန်တွေကို ကန့်သတ်နေပေမယ့် တရုတ်ကနေဝင်လာတဲ့ ကုန်ပစ္စည်းတွေကိုတော့ ကန့်သတ်တာမရှိဘူးလို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

တရုတ်နိုင်ငံဘက်က ဒီရက်ပိုင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စီစစ်မှုတွေရှိနေသလို မြန်မာနိုင်ငံဘက်ကနေ ဝင်ထွက်နေတဲ့ အချဉ်ပေါင်း၊ မုန့်ဟင်းခါးနဲ့ ငါးစတဲ့ အစားအစာရောင်းချသူတွေကို ဝင်ထွက်ခွင့် ကန့်သတ်တာတွေ ရှိနေပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့