မန္တလေးမြို့ကို တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့စက် လှူဒါန်း

ခေမဏီဝင်း
2020.05.23
china-machine-donation-622.JPG တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဆေးပညာရှင်အဖွဲ့ မန္တလေးမြို့မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနိုင်တဲ့စက် လှူဒါန်းတဲ့ အခမ်းအနားကို ၂၀၂၀ မေ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/RFA

တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဆေးပညာရှင်အဖွဲ့ မန္တလေးမြို့ကို ရောက်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနိုင်တဲ့ စက်တစ်လုံး မန္တလေးတိုင်း အစိုးရအဖွဲ့ကို တရုတ်နိုင်ငံက ဒီနေ့ လှူဒါန်းလိုက်ပါတယ်။

ငွေကျပ်သိန်းပေါင်း သုံးထောင်ကျော်တန်ဖိုးရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ရှာဖွေတဲ့ ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းတွေကို တရုတ်နိုင်ငံကနေ လှူဒါန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံသမ္မတနဲ့ တရုတ်နိုင်ငံသမ္မတတို့ ဖုန်းနဲ့ ဆက်သွယ် ပြောကြားခဲ့ပြီးနောက် အခုလို မြန်ဆန်တဲ့ လှူဒါန်းမှုဖြစ်လာခဲ့တာလို့ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ် ဦးခင်စိန်က ပြောပါတယ်။

“မေလ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံသမ္မတနဲ့ မြန်မာနိုင်ငံသမ္မတို့ ဆက်သွယ်ပြောတဲ့အခါမှာ တရုတ်မှာ ကိုဗစ် ၁၉ ဖြစ်တဲ့အခါ မြန်မာနိုင်ငံအစိုးရနဲ့ လူမှုအသီးသီးက တရုတ်ကို ကူညီအားပေးခဲ့တယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အကြိမ်များစွာ လှူဒါန်းပြီးပါပြီ။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ နှစ်သုတ်စေလွှတ်ခဲ့ပြီး မြန်မာနိုင်ငံ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ် ၁၉ ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ တရုတ် နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်နဲ့အညီ ထောက်ခံအားပေးမှုတွေ တက်နိုင်တဲ့ကူညီမှုတွေ ဆက်လက်ကူညီ မယ်လို့ ပြောကြားခဲ့ပါတယ်”

မန္တလေးမြို့ကို အခုလိုကူညီတာဟာ မြန်မာတစ်နိုင်ငံလုံးကို ကူညီတာနဲ့ အတူတူပဲဖြစ်တယ်လို့ တရုတ်ကောင်စစ်ဝန်ချုပ်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကာကွယ်တားဆီးရေး ဆောင်ရွက်နေချိန်မှာ တရုတ်ပြည်က လှူဒါန်းတဲ့စက်ဟာ အချိန်ကိုက် ရောက်ရှိလာတာဖြစ်တယ်လို့ မန္တလေးတိုင်း လျှပ်စစ်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။

"များများစစ်မယ်၊ စောစောသိမယ်၊ ကောင်းကောင်းကာကွယ်မယ် ဆိုတဲ့အချိန်။ အဲဒီအချိန်မှာပဲ တရုတ် ပြည်သူ့သမ္မတနိုင်ငံက အဖွဲ့ ရောက်ရှိလာတာက အချိန်ကိုက် ကာလဒါန အလှူတစ်ခုပဲလို့ မှတ်ချက်ပြုရမှာ ဖြစ်ပါတယ်။ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကမ္ဘာတည်သရွေ့ ခိုင်မြဲအဓွန့်ရှည်ပါစေ... မန္တလေးတိုင်း အစိုးရနဲ့ ပြည်သူတွေက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း"

အခု တရုတ်နိုင်ငံက လှူဒါန်းတဲ့စက်နဲ့ဆိုရင် မန္တလေးမြို့မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနိုင်တဲ့ စက်နှစ်လုံး ရှိသွားမှာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ မေဝင့်ဝါက ပြောပါတယ်။

“လက်ရှိရှိနေတဲ့စက်နဲ့က တစ်ရက်ကို ၁၈၀ လောက်စစ်လို့ရမယ်။ အခုရောက်လာတဲ့ စက်တွေကတော့ ကောင်းကောင်းမမြင်ရသေးဘူး၊ ရောက်လာတဲ့ အခြေနေပေါ်မှုတည်ပြီး တိုးပြီးတော့ စစ်ပေးနိုင်မှာပါ။ အတိအကျတော့ ပြောလို့မရသေးပါဘူး”

စက်ပစ္စည်းတွေ အသုံးပြုပုံကို သင်ကြားပြသပေးမယ့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဆေးပညာရှင်တွေလည်း မန္တလေးမြို့ကို ရောက်ရှိနေပါတယ်။

အဲဒီဆေးပညာရှင်တွေဟာ တောင်ကြီးမြို့နဲ့ မော်လမြိုင်မြို့က ဓာတ်ခွဲပညာရှင်တွေကို သင်ကြားပေးမှာ ဖြစ်ပြီး ဒီလကုန်မှာ စတင်လည်ပတ်နိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာ မေဝင့်ဝါက ပြောပါတယ်။

ဒီနေ့မနက်အထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြု လူနာ ၂၀၁ ဦးနဲ့ သေဆုံးသူ ခြောက်ယောက်ရှိပါတယ်။ ရောဂါပိုး ပျောက်ကင်းသွားသူက ၁၁၆ ဦး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။