တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်ကနေ တရုတ်နိုင်ငံ ရွှေလီမြို့ကို ခုနစ်ရက်နေထိုင်ခွင့်နဲ့ ဝင်ရောက်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ မတ်လ ၅ ရက်နေ့ကစလို့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ရှိမှသာ တရုတ်နိုင်ငံဘက်က ဝင်ရောက်ခွင့်ပြုတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့တစ်ဘက်ကမ်း ကျယ်ဂေါင်မြို့က နိုင်ငံခြားသား ဝန်ဆောင်မှုရုံးတွေမှာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထောက်ခံချက်ပြုလုပ်ပြီးမှ ရွှေလီမြို့ကို သွားရောက်ခွင့်ပြုတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခု ရွှေလီကို အရင်လို တိုက်ရိုက်ပေးမဝင်တော့ဘူး။ နိုင်ငံခြားသား ဝန်ဆောင်မှုရုံးတွေမှာ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ပြရင် QR ကုတ်နဲ့ ဓာတ်ပုံပါတဲ့ စာရွက်ထုတ်ပေးတယ်။ ဒါပါမှပဲ ပေးဝင်တော့တယ်။ ပြီးတော့ ငွေတွေပါ သွင်းရတယ်ဗျ”
QR ကုတ် စာရွက်အတွက် တရုတ် ယွမ် ၉၅ ယွမ် (မြန်မာငွေ လေးသောင်းနီးပါး) ကျသင့်တယ်လို့ သူက ဆိုပါတယ်။
ဒါဟာ တရုတ်နိုင်ငံအတွင်းကို မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာကို ကန့်သတ်လိုတဲ့ သဘောဖြစ်နိုင်တယ်လို့ ရွှေလီမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။
“အခုက တစ်ပတ်ကတ်နဲ့ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ အလုပ်မရှိ၊ အကိုင်မရှိဘဲ တရုတ်နိုင်ငံထဲမှာ သောင်တင်နေတာ အများကြီးပေါ့နော်။ လမ်းတွေပေါ်မှာ ဖြစ်သလို အိပ်စားနေကြတာ။ နေထိုင်ခွင့်သက်တမ်း ကုန်တဲ့သူတွေလည်း အများကြီးပဲ။ အခုရက်ပိုင်းကို တရုတ်ရဲက ဖမ်းပြီးပြန်ပို့နေတာ အများကြီးပဲ”
တရုတ်နိုင်ငံအတွင်း ဝင်ရောက်မယ့် မြန်မာနိုငံသားတွေကို တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကနေ ခြောက်ညအိပ် ခုနစ်ရက်သက်တမ်းရှိတဲ့ နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်တွေ ထုတ်ပေးပါတယ်။
နေထိုင်ခွင့်သက်တမ်း ကုန်ရင်တော့ တရုတ်နိုင်ငံအတွင်း နေထိုင်ခွင့်မရှိသလို ဒီလက်မှတ်တွေ နဲ့ တရုတ်နိုင်ငံအတွင်းမှာ အလုပ်လုပ်ကိုင်လို့ မရပါဘူး။
နေထိုင်ခွင့် သက်တမ်းလွန်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က မကြာခဏဆိုသလို ဖမ်းဆီးပြီး အခုရက်ပိုင်းမှာပဲ မြန်မာနယ်စပ်ဂိတ်တွေကနေ ပြန်ပို့ခံရတဲ့သူ ၂၀၀ ကျော်အထိရှိတယ်လို့ မူဆယ်နယ်စပ်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
တရုတ်နိုင်ငံဘက်က အခုလို ကန့်သတ်မှုတွေလုပ်နေပေမယ့် မူဆယ်နယ်စပ်မှာ တရုတ်နိုင်ငံအတွင်းဝင်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား အနည်းဆုံး တစ်ထောင်ကျော်အထိ နေ့စဉ်လိုလိုရှိနေတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။