မြန်မာစစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်း ၁၂ ယောက်ကို တရုတ်နိုင်ငံက ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေး သင်တန်းတွေ ပေးနေပါတယ်။
ဆိုက်ဘာမှုခင်းတွေဟာ နိုင်ငံ့ပုံရိပ်နဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတာကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့လိုလို့ သင်တန်းပေးတာလို့ မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။
တရုတ်-မြန်မာဆက်ဆံရေး လေ့လာစောင့်ကြည့်သူတစ်ဦးကတော့ မြန်မာစစ်တပ်ဟာ တရုတ်နည်းပညာတွေကိုသုံးပြီး သူ့ကိုဆန့်ကျင်သူတွေကို ဖိနှိပ်နေတယ်လို့ ပြောပါတယ်။
"စစ်အာဏာသိမ်းပြီးကတည်းက တရုတ်နည်းပညာအဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ ပေါ်ပေါ်ထင်ထင်ဖြစ်လာတယ်။ အထူးသဖြင့် တရုတ်အစိုးရက လှူဒါန်းထားတဲ့ လမ်းဆုံလမ်းခွက CCTV ကင်မရာတွေ အပါအဝင်ပေါ့။ ပြီးတော့တရုတ်မိုဘိုင်းဖုန်းတွေနဲ့ အော်ပရေတာတွေ ဆက်စပ်ပစ္စည်းတွေကို အဓိကထားအသုံးပြုနေတဲ့ မြန်မာပြည်သူတွေရဲ့ ငွေဝင်ငွေလွှဲတွေကို စောင့်ကြည့်ပြီး ဖမ်းဆီးနေတာပေါ့။ နောက်ပြီး PDF တွေရဲ့ လှုပ်ရှားမှုတွေကို အဲဒီ CCTV ကင်မရာကနေစောင့်ကြည့် ဖမ်းဆီးနေတာပါ"
မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက် အွန်လိုင်းမီဒီယာတွေကိုပါ စောင့်ကြည့်ပြီး သူတို့ဆန့်ကျင်တဲ့သူတွေကို လိုက်လံဖမ်းဆီးနေတာ ဖြစ်ပါတယ်။
စစ်တပ်ဟာ သူ့ကို ဆန့်ကျင်တဲ့သူအားလုံးကို ထိန်းချုပ်နိုင်ဖို့ ပြင်းထန်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေတစ်ရပ် ပြဌာန်းဖို့ ကြိုးစားနေတယ်လို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြီးခဲ့တဲ့လက တင်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံကတော့ မြန်မာနဲ့ တရုတ်ဟာ ကီလိုမီတာ ၂ဝဝဝ ကျော် နယ်နမိတ်ထိစပ်နေတာကြောင့် ဆိုက်ဘာမှုခင်းတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်သင်တန်းပေးတာလို့ ပြောထားပါတယ်။