ငါးလအတွင်း နိုင်ငံခြားသား ငါးသောင်းကျော် စစ်ကောင်စီ လွှဲပြောင်းခဲ့

Updated 4:35 PM Mar 7, 2024

နယ်စပ်ဒေသမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား အပါအဝင် နိုင်ငံခြားသားပေါင်း ငါးသောင်းကျော်ကို ငါးလအတွင်းမှာ ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီက မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံသား ၅၀၇၇၂ ဦး အပါအဝင် နိုင်ငံခြားသားပေါင်း ၅၂၈၂၀ ဦးကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်ကနေ ၂၀၂၄ မတ်လ ၅ ရက်နေ့အတွင်းမှာ တရုတ်အွန်လိုင်းငွေလိမ် လုပ်ငန်းတွေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက ပြန်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တရုတ်အပြင်၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား အစရှိတဲ့ နိုင်ငံခြားသားတွေလည်း ပါဝင်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အွန်လိုင်းငွေလိမ် လုပ်ငန်းတွေဟာ တရုတ်-မြန်မာ နယ်စပ်က ရှမ်းပြည်နယ် မြောက်ပိုင်းအပြင် ထိုင်း-မြန်မာ နယ်စပ်က ကရင်ပြည်နယ်ထဲမှာလည်းရှိနေပြီး မြဝတီမြို့နယ်ကနေ ထိုင်းနိုင်ငံကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း လွှဲပြောင်းမှုတွေ ရှိခဲ့တယ်လို့ မြဝတီ ဒေသခံတစ်ဦးက ပြောပါတယ်။

"အမှတ် ၂ တံတားကနေတော့ ကားတွေနဲ့ ပို့တာတွေ့လိုက်တာပဲ။ အဲဒီနေ့က တစ်ခါပဲ တွေ့မိတယ်။ ပထမတစ်ရက် သတင်းစာထဲထည့်ပြီး နောက်တစ်ခါ ထပ်သွားတယ်။ နောက်ပိုင်းတော့ မတွေ့တော့ဘူး"

မြဝတီမြို့တောင်ဘက် မယ်ထော်သလေး KK Park ကာစီနိုနဲ့ UK ကာစီနို အစရှိတဲ့ နေရာတွေက ငွေလိမ်လုပ်ငန်းတွေမှာ လူကုန်ကူးခံရသူ ၉၉၇ ဦးကို စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ထိုင်းနိုင်ငံဘက်ကို လွှဲပြောင်းမယ့်အကြောင်း မဲဆောက်ရဲတပ်ဖွဲ့ကလည်း မတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အွန်လိုင်းငွေလိမ် လုပ်ငန်းတွေက ဖမ်းဆီးရမိသူတွေကို လွှဲပြောင်းတာနဲ့ ပတ်သက်လို့ စစ်ကောင်စီက အသေးစိတ် ထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အွန်လိုင်းငွေလိမ်လည်မှုတွေကို တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့က တရုတ်နှစ်သစ်ကူးပွဲမှာ ပြောခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်မှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား တစ်ရာကျော်ကို ကိုးကန့် MNDAA က တရုတ်နိုင်ငံကို လွှဲပြောင်းခဲ့ပါတယ်။

(မှတ်ချက် - မူလသတင်းပါ ခြောက်လအတွင်း အစား ငါးလအတွင်းဟု ပြင်ဆင်ထားပါသည်။)