အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှုတွေတိုက်ဖျက်ဖို့ စစ်ကောင်စီကို တရုတ် ဖိအားပေး

RFA Burmese
2023.07.26
အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှုတွေတိုက်ဖျက်ဖို့ စစ်ကောင်စီကို တရုတ် ဖိအားပေး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တို့ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ဆုံခဲ့စဉ်။
Ministry of Foreign Affairs Myanmar

မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင် နယ်စပ်ဒေသတွေက အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှုတွေဟာ နှစ်နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေတဲ့အတွက် တိုက်ဖျက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ဇူလိုင်လ ၂၅ ရက်မနေ့က နေပြည်တော်မှာ စစ်ကောင်စီနဲ့ တွေ့ဆုံချိန် ပြောခဲ့ပါတယ်။

တရုတ်သံအမတ်ကြီးက ဆက်သွယ်ရေးလိမ်လည်သူတွေ ခိုအောင်းတဲ့နေရာတွေကို တိုက်ဖျက်ပြီး ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေကို ကယ်ထုတ်ရမယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ပြောခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဆက်သွယ်ရေးလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားကျုးလွန်တဲ့ အင်အားစုတွေကို ဥပဒေနဲ့အညီအရေးယူပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းဖို့ကိုလည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်က လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နေ့တိုင်းလိုလို အွန်လိုင်းလောင်းကစား ကြော်ငြာတွေ၊ လိမ်လည်မှုတွေ တွေ့နေရပေမယ့် စစ်ကောင်စီအနေနဲ့ ဖမ်းဆီးတာ မတွေ့ရဘူးလို့ ရန်ကုန်မြို့က ကြော်ငြာစာမူရေးသူ (Content Writer) တစ်ဦးက ပြောပါတယ်။

"အွန်လိုင်းလောင်းကစားတွေက ဘယ်မှာအခြေစိုက်လဲမသိပေမယ့် နေ့တိုင်း လိုင်းပေါ်မှာတွေ့နေရတာပဲလေ။ တချို့ဆို ဖုန်းနံပါတ်တွေကအစ ပါပါတယ်။ သူတို့သာ ဖမ်းချင်ရင် လွယ်လွယ်လေးပါ။ တရုတ်ကလည်း သူ့အကျိုးစီးပွားထိလို့ သူပြောတာ နေမှာပေါ့"

ဒီမတိုင်ခင် မေလ ၂ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း ချင်ကန်းရဲ့ မြန်မာပြည်ခရီးစဉ်မှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်နေတဲ့ မြန်မာနယ်စပ်က ဒုစရိုက်ဂိုဏ်းတွေကိုနှိမ်နင်းဖို့ စစ်ကောင်စီကို တိုက်တွန်းခဲ့ပါသေးတယ်။

အွန်လိုင်းကနေ လိမ်လည်မှုကျူးလွန်တယ်လို့ယူဆရတဲ့ တရုတ်နိုင်ငံသားခြောက်ဦးကို စစ်ကောင်စီက ဒီနှစ်ထဲမှာပဲဖမ်းဆီးခဲ့ပြီး စစ်ကောင်စီ ရဲတပ်ဖွဲ့ကနေ တရုတ်ရဲတပ်ဖွဲ့ဆီကို ဇွန်လ ၁၉ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့ဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။