မြန်မာ့အရေး အကိုင်အတွယ်မှားရင် ပြည်တွင်းစစ် ဖြစ်နိုင်တယ်လို့ တရုတ်သတိပေး

2021.05.04
မြန်မာ့အရေး အကိုင်အတွယ်မှားရင် ပြည်တွင်းစစ် ဖြစ်နိုင်တယ်လို့ တရုတ်သတိပေး ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Zun။
Photo: Zhang Zun/Twitter

မြန်မာနိုင်ငံက အခြေအနေဟာ အကိုင်အတွယ်မှားရင် ဖရိုဖရဲနဲ့ ပြည်တွင်းစစ် ဖြစ်ပွားနိုင်တဲ့ အခြေအနေအထိ ရောက်ရှိသွားနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Zun က တနင်္လာနေ့မှာ သတိပေးပြောဆိုလိုက်တယ်လို့ AP သတင်းတရပ်မှာ မနေ့က ဖော်ပြထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မေလအတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့် တရုတ်သံအမတ်ကြီးက မြန်မာနိုင်ငံအရေးဟာ ခုထက် ပိုပြီးမဆိုးဝါးအောင် သံတမန် နည်းလမ်းတွေနဲ့ ရှောင်ရှားနိုင်လိမ့်မယ်လို့ယုံကြည်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေတင်းမာပြီး ထိတ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာမယ်ဆိုရင် ထိခိုက်သေဆုံးမှုတွေ များလာပြီး ပြည်တွင်းစစ်ဖြစ်နိုင်တဲ့ အခြေအနေအထိ ရောက်ရှိသွားနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်က စစ်အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး တံခါးပိတ်အစည်းအဝေး လုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံတွေတင်ပြထားတဲ့ အချက်၅ချက်ကို လက်ခံပြီး ဆောင်ရွက်ဖို့လည်း သဘောတူကြပါတယ်။ မြန်မာ့အရေးမှာ အိမ်နီးချင်းနိုင်ငံတွေက အခြေအနေကို သဘောပေါက်နားလည်သလို အာဆီယံနိုင်ငံတွေက အဓိကအခန်းကဏ္ဍမှာ ပါဝင်သင့်တယ်လို့ တရုတ်သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်ရဲ့အိမ်နီးချင်းမိတ်ဆွေဖြစ်ပြီး တရုတ်အနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်တာကိုလည်း မလိုလားဘူးလို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-05-05 00:52

မ အ လ ဟာ အာဏာ မသိမ်းရင် ဆယ်သက် စားမကုန်အောင် ချမ်းသာနေပြီး

အာဏာသိမ်းရင်လဲ ယိုးဒယားကို အတုယူပြီး အာဏာသိမ်းရင် အေးဆေး ပြီးသွားနိုင်တာကို..

အဆင့်ဆင့်လုပ်ဆောင်မှုတွေက တမင် စစ်မဖြစ်ဖြစ်အောင် လုပ်နေတယ်လို့ သံသယ ရှိစရာပဲ ..

တရုတ်နဲ့ ရုရှား ရဲ့လက်ချက်များလား, သူတို့ရဲ့ expire ဖြစ်မဲ့ လက်နက်တွေ စမ်းမဲ့ ရှင်းမဲ့ပွဲများလား