ကရင်ပြည်နယ် မြဝတီမြို့မှာ ဟိုတယ်မှာ တည်းခိုခြင်း မရှိဘဲ နေအိမ်တွေထဲမှာ ငှားရမ်းနေထိုင်ကြတဲ့ တရုတ်နိုင်ငံသား ၄၀ ကျော်ကို ခေါ်ယူစစ်ဆေးအပြီး နေထိုင်ခွင့်အထောက်အထား ပြည့်စုံတဲ့အတွက် ပြန်လွှတ်ပေးလိုက်ပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့မှာ နိုင်ငံခြားသား အများအပြား ဥပဒေချိုးဖောက်မှု ရှိတယ်ဆိုတဲ့ သတင်းကြောင့် လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတွေအနဲ့အတူ မြဝတီမြို့က ရပ်ကွက်တွေအတွင်း သွားရောက်စစ်ဆေးပြီး တရားမဝင်နေထိုင်တယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသား ၄ဝ ကျော်ကို မနေ့က ဖမ်းဆီးအရေးယူလိုက်တယ်လို့ မြဝတီခရိုင် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဦးဆက်လင်းဦးက ပြောပါတယ်။
မနေ့က ဖမ်းဆီးခဲ့တဲ့ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ခုနှစ်ဦးကို တရားဝင် နေထိုင်ခြင်းရှိ မရှိစစ်ဆေးချိန်မှာ အထောက်အထား ပြည့်စုံတဲ့အတွက် ပြန်လွှတ်ပေးလိုက်တယ်လို့ မြဝတီခရိုင် လဝကမှူး ဦးအောင်ခိုင်ရွှေက ပြောပါတယ်။
တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး စီမံချက်နဲ့ စစ်ဆေးနေကြောင်း၊ အထောက်အထား အားလုံးနီးပါး ပြည့်စုံနေပြီး ရပ်ကွက်အတွင်း နေထိုင်ခွင့်ရှိတဲ့ Business ဗီဇာရှိတဲ့အတွက် လွှတ်ပေးလိုက်တာဖြစ်ကြောင်း ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့မှာ မနှစ်က တရုတ်စာနဲ့ ဆိုင်းဘုတ် အများအပြား ရှိခဲ့ပါတယ်။ ဒီဆိုင်းဘုတ်တွေဟာ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးဆိုပြီး စည်ပင်သာယာရေးအဖွဲ့က လိုက်လံဖြုတ်သိမ်းခဲ့ပါတယ်။
တရုတ်လုပ်ငန်းရှင်တွေ ဖွင့်လှစ်တဲ့ လောင်းကစားရုံတွေကြောင့် ဒေသခံလူငယ် အများအပြား ပျက်စီးလာပြီး၊ ခိုးမှုအပါအဝင် ရာဇဝတ်မှုတွေလည်း ထူပြောလာတယ်လို့ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ဆိုပါတယ်။
မြဝတီမြို့မှာ ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေ ဥပဒေလိုက်နာမှု အားနည်းနေကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ်သံရုံးကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီဒေသ ရောက်လာတဲ့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေဟာ လောင်းကစား အပါအဝင် လုပ်ငန်းတချို့ကို လက်နက်ကိုင်အဖွဲ့တချို့နဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ မြဝတီမြို့ခံ အများအပြားက ပြောကြပါတယ်။