စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် တစ်နှစ်ကို အင်အား ငါးသောင်းနှုန်း ခေါ်ယူသွားမယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖေဖော်ဝါရီလ ၁၅ ရက်ထုတ် စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွေမှာ ပြောလိုက်ပါတယ်။
"ကျွန်တော်တို့အနေနဲ့ တစ်နှစ်တစ်နှစ်ကို ခေါ်နိုင်တဲ့လူဦးရေ ငါးသောင်းထက် ပိုစရာအကြောင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ခေါ်ယူထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်မယ့်သူတွေ အားလုံးကို အဆင့်အလိုက်၊ အရည်အချင်းအလိုက်၊ လစာ၊ ရိက္ခာ၊ ခံစားခွင့် အားလုံးပေးရမှာဖြစ်ပါတယ်"
ဘီဘီစီ မြန်မာပိုင်းနဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ အင်တာဗျုးမှာတော့ အပတ်စဉ်တစ်ခုကို လူငါးထောင်နှုန်းနဲ့ လာမယ့် ဧပြီလနောက်ပိုင်းမှာ ခေါ်ယူမယ်လို့ ပြောထားပါတယ်။
ပထမဆုံး အပတ်စဉ်မှာတော့ အမျိုးသမီးတွေကို ခေါ်ယူတာ နည်းမယ်လို့လည်း စစ်ကောင်စီ ပြောခွင့်ရက စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေမှာ ပြောပါတယ်။
ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ ပြောဆိုချက်အရ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းမှာ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အနည်းဆုံး ၁၃ သန်းရှိနေပြီး အဲဒီထဲက ခေါ်ယူသွားမှာလို့ ဆိုပါတယ်။
ဒီ စစ်မှုမထမ်းမနေရစနစ်ကို ရေရှည်ရည်ရွယ်ထားတဲ့အတွက် ပြည်ပမှာ ပညာသင်ကြားနေသူတွေ ပညာရေး ဆုံးခန်းတိုင်ပြီးရင် စစ်မှုထမ်းဆောင်ရမယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီ ပြောခွင့်ရက အကျုံးဝင်သူအားလုံးကို ခေါ်ယူမှာမဟုတ်ဘူးလို့ ပြောဆိုထားပေမယ့် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က လူငယ် ၂၅ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်မှုထမ်းဖို့ ခေါ်သွားတယ်လို့ တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ တာဝန်ရှိသူ ရဲဘော် ဆန္ဒက RFA ကို ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ စနစ်ကြောင့် ပြည်ပထွက်ခွာသူတွေနဲ့ တော်လှန်ရေး အင်အားစုတွေထဲကို ဝင်ရောက်ဖို့ စာရင်းပေးသူတွေ ရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။