စစ်မှုထမ်းစနစ်ကို ကူညီသူတွေ အရေးယူမယ်လို့ ရန်ကုန် ပြောက်ကျားအဖွဲ့တွေ ကြေညာ

RFA Burmese
2024.03.19
စစ်မှုထမ်းစနစ်ကို ကူညီသူတွေ အရေးယူမယ်လို့ ရန်ကုန် ပြောက်ကျားအဖွဲ့တွေ ကြေညာ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းတို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ဆုံစဉ်။
Myanmar Military

စစ်မှုမထမ်းမနေရစနစ် အသက်ဝင်လာအောင် နည်းအမျိုးမျိုးနဲ့ ပူးပေါင်းကူညီအားဖြည့်သူတွေကို အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တွေက မတ်လ ၁၉ ရက်နေ့ညမှာ ကြေညာလိုက်ပါတယ်။

ရန်ကုန်မြို့မှာ စစ်ကောင်စီက လူငယ်တွေကို စစ်မှုထမ်းဖို့ စာရင်းသွင်းတာ၊ ကောက်ခံတာတွေ မတ်လ ၁၂ ရက်နေ့နောက်ပိုင်းမှာ ရှိလာပြီးနောက် အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဒီလိုကူညီဆောင်ရွက်နေသူတွေကို စစ်ကောင်စီရဲ့ ဒေါက်တိုင်အဖြစ်သတ်မှတ်ပြီး ထိရောက်ပြင်းထန်စွာ အရေးယူမယ်လို့ ဆိုထားတာပါ။

စစ်မှုထမ်းစာရင်း ကောက်ခံမှုတွေကို စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကစလို့ အဆင့်ဆင့်လုပ်ဆောင်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။

"လက်ရှိ စာရင်းကောက်တာတွေ၊ သွင်းတာတွေက အုပ်ကြီးတို့၊ ရာအိမ်မှူးတို့က ဦးဆောင်လုပ်နေတာ။ သူတို့က အဲဒီစာရင်းတွေကို မြို့နယ်ကို ထပ်ပို့ရတယ်။ အဲဒီကမှ အဆင့်ဆင့်ပေါ့။ ကြည့်ရတာ စာရင်းတော်တော်များများက သူတို့လက်တွေထဲ ရောက်ပြီးနေပြီ"

စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရစနစ်ဟာ လူသားလုံခြုံမှုတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာလို့ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ)၊ Yangon Urban Guerrillas (YUG)၊ Yangon UG Association (YUA)၊ Yangon Army (YA) နဲ့ Yangon Guerrilla Army (YGA) တို့က ရေးသားထားပါတယ်။

ဘယ်လိုအရေးယူသွားမယ်ဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရ ဥပဒေချုပ် ဦးဌေးအောင်ကတော့ လုံခြုံရေးကို ပုံမှန်ဆောင်ရွက်နေတယ်လို့ RFA ကို ပြောပါတယ်။

"လုံခြုံရေးကတော့ ကျွန်တော်တို့ ပုံမှန်ပါပဲ။ ရန်ကုန်က ထုံးစံအတိုင်း တည်ငြိမ်အေးချမ်းနေတာပါပဲ။ ဒီဥပဒေနဲ့အညီပါပဲ ပုံမှန်အတိုင်း လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတာပါပဲ"

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာတော့ စစ်ကောင်စီတပ်က စစ်မှုထမ်းရမယ့်သူ စာရင်းနဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ လူစုဆောင်းခိုင်းတာတွေကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၂၁ ဦးဟာ မတ်လ ၁၈ ရက်နေ့မှာ နုတ်ထွက်စာ တင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။