ပဲခူးတိုင်း၊ မုက္ကလရွာက အသက်၂၄ နှစ်ကနေ ၃၀ အတွင်းရှိတဲ့ ဒေသခံ လူငယ်အယောက် ၁၆၀ ခန့်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ထားတယ်လို့ ဒေသခံတွေက မတ်လ၂၀ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ရွေးချယ်ခံထားရသူတွေထဲမှာ အိမ်ထောင်မရှိတဲ့ လူပျိုလူလွတ် အမျိုးသားနဲ့ အိမ်ထောင်ရှိတဲ့ အမျိုးသားတွေအပြင် မိဘကိုလုပ်ကျွေးနေရတဲ့ တစ်ဦးတည်းသောသားတွေပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။
လတ်တလော ရွေးချယ်ထားသူ ၁၆၀ ထဲက သုံးဦးကို မတ်လ ၂၂ ရက်နေ့မှာ မဲနှိုက်ရွေးချယ်သွားမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပဲခူးမြို့ခံ အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။
"အခုရွေးချယ်ထားတဲ့ အမျိုးသား ၁၆၀ ကို စစ်မှုထမ်းဖို့ ရွေချယ်ထားတာကြောင့် ညအိပ်ခရီးသွားခွင့် မရှိဘူး။ သွားမယ်ဆို သူတို့ကို အကြောင်းကြားရမယ်။ ဒီ ၁၆၀ အကုန်လုံးက စစ်မှုထမ်းရမှာ ဒီပထမသုတ်မှာ သုံးယောက်၊ နောက်ဒုတိယသုတ်မှာ သုံးယောက် အဲဒီလို ရွေးချယ်သွားမှာလို့ ပြောတယ်"
စစ်မှုမထမ်းဘဲ ထွက်ပြေးမယ်ဆိုရင် နေအိမ်မှာကျန်နေခဲ့တဲ့ မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးသွားမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တွေက ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်မှုထမ်းဖို့ကိစ္စကို မတ်လ ၁၉ ရက်နေ့မှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဟန်မြင့်က ခေါ်ယူအသိပေးခဲ့တာဖြစ်ပြီး စစ်မှုထမ်းရမယ့် လူငယ်တွေအတွက် တစ်လ ငွေကျပ်တစ်သောင်း ထောက်ပံ့ဖို့လည်း ပြောခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်မှုထမ်းဖို့ရွေးချယ်တာနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ မုက္ကလကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟန်မြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ဒါ့အပြင် စစ်မှုထမ်းရမှာလည်း ရှေ့တန်းလွှတ်မှာ မဟုတ်ဘဲ သင်တန်းဆင်းတာနဲ့ ပဲခူးတိုင်း အန္တရာယ်ကင်းဖို့အတွက်သာ ပြန်ကာကွယ်ရမှာလို့ဆိုပြီး စည်းရုံးပြောဆိုခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
အာဏာသိမ်းစစ်ကောင်စီကတော့ လာမယ့် ဧပြီလ သင်္ကြန်ကာလအပြီးမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မှုထမ်းဖို့ရွေးချယ်ထားတဲ့ လူငယ်ငါးထောင်ကို စစ်သင်တန်းစပေးဖို့ ပြင်ဆင်နေပါတယ်။