မာန်အောင်မှာ စစ်မှုထမ်းစာရင်း မကောက်ခံနိုင်ကြောင်း အုပ်ချုပ်ရေးမှူးတွေ ငြင်းဆန်ထား

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းရ မယ့်သူ စာရင်းကောက်ခိုင်းတာနဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ လူစုဆောင်းခိုင်းတာတွေအပေါ်ကို ငြင်းဆိုထားကြတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက RFA ကို ဒီနေ့ ပြောပါတယ်။

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ကျေးရွာအုပ်စုတစ်စုကို အသက် ၂၄ နှစ်ကနေ ၃၀ ကြား အနည်းဆုံး လူငယ်တစ်ဦးကနေ ငါးဦးအထိပေးဖို့ တောင်းခံလာတာလို့ ဆိုပါတယ်။

မတ်လ ၁၇ ရက်ကလည်း မာန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမမှာ အစည်းအဝေးလုပ်ပြီး ထပ်မံတောင်းခံရာမှာ မလုပ်ပေးနိုင်ကြောင်းငြင်းဆိုခဲ့ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးက RFA ကို ပြောပါတယ်။

“နုတ်ထွက်စာတင်ထားတာတော့ တစ်ယောက်မှ မရှိသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို အသက် ၂၄ နှစ်ကနေ သုံးဆယ်အထိကို မြေပြင်လူဦးရေစာရင်း ရှိ၊ မရှိကို စာရင်းကောက်ခိုင်းတာလေ။ သူတို့ (စစ်ကောင်တပ်) က မြေပြင်မှာ လူဦးရေစာရင်း ရှိ၊ မရှိကောက်ပြီး အဲဒီစာရွက်ပေါ်မှာ လက်မှတ်ထိုးပြီး တင်ခိုင်းတယ်။ အဲဒါကို ကျွန်တော်တို့က မတင်ပေးနိုင်ဘူးလို့ ငြင်းထားတယ်။ စစ်တပ်ဘက်ကတော့ လက်ရှိမှာ ဖိအားပေးလာတာတော့ မရှိပါဘူး။ ကျေးရွာလူငယ်တွေကတော့ ဒီအထဲ မဝင်ချင်ကြဘူးပေါ့။ ထိတ်လန့်ပြီး ပြေးနေကြတယ်ပေါ့။ ရှောင်နေကြတယ်လို့ ပြောရမှာပေါ့”

မာန်အောင်မြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၄၁ ဦးရှိပြီး စစ်မှုထမ်းစာရင်း မကောက်ခံနိုင်ကြောင်း အားလုံးက ငြင်းဆိုထားကြတာလို့ ဆိုပါတယ်။

ပြည်သူကို မျက်နှာမူပြီးတော့ ငြင်းဆိုထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကနေ အတင်းအကျပ် ဖိအားပေးလာခဲ့ရင်တော့ အခြေအနေကြည့်ပြီး လုပ်ဆောင်သွားမယ်လို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့က လုပ်ရမယ်၊ လုပ်ရမယ်လို့ ဒီဘက်အဖွဲ့အစည်းက ပြောတဲ့အတိုင်း ကျွန်တော်တို့က သွားလုပ်မယ်ဆိုရင် ကျွန်တော်တို့က အရင်ဆုံးရှေ့တန်းက သေသွားနိုင်တယ်။ သေသွားနိုင်တယ်ဆိုတာက ပြည်သူတွေက ကျွန်တော့်ကို အပြစ်မြင်မှာလေ။ လူငယ်တွေ၊ မိဘတွေက အပြစ်မြင်မယ်။ အဲဒါတွေ အဆင်မပြေဘူး ကျွန်တော်တို့က ပြည်သူကိုပဲ မျက်နှာမူပါတယ်။ ဖိအားပေးလာရင်လည်း ဘာလုပ်ရမလဲဆိုတာ ရင်ထဲမှာရှိပါတယ်”

လက်ရှိမှာ လူငယ်အများစု ရှောင်တိမ်းနေကြသလို မတ်လ ၂၁ ရက် မနေ့ကလည်း မာန်အောင်မြို့ပေါ်ကို စစ်ကောင်စီတပ် အင်အားတစ်ရာကျော်က စစ်သင်္ဘောနဲ့ ရောက်လာပြီး မြို့တော်ခန်းမမှာ ယာယီ စခန်းထိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က တစ်ရက်တည်းမှာပဲ ခအုန်းမော်ရွာထဲကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေက ဧည့်စာရင်းဝင်စစ်ခဲ့ပြီး အိမ်ထောင်စုစာရင်းထက် ပိုနေတဲ့လူတွေကို အိမ်နဲ့တွဲပြီး ဓာတ်ပုံရိုက်ယူသွားသလို ဗုံးခိုကျင်းတူးထားတာတွေကိုလည်း မြေပြန်ဖို့ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

သံတွဲမြို့နယ်မှာတော့ စစ်ကောင်စီတပ်က စစ်မှုထမ်းရမယ့်သူ စာရင်းနဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ လူစုဆောင်းခိုင်းတာတွေကြောင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၂၁ ဦးဟာ မတ်လ ၁၈ ရက်နေ့မှာ နုတ်ထွက်စာတင်လိုက်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက RFA ကို ပြောဆိုထားပါတယ်။