စစ်ကိုင်းတိုင်း ရွှေဘိုမြို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အငယ်တန်းစာရေး ဒေါ်မြမြငြိမ်းဟာ မတ်လ ၂၄ ရက် မနက်အစောပိုင်းက အမှတ် (၇) ရပ်ကွက်မှာ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၅၃ နှစ်အရွယ် ဒေါ်မြမြငြိမ်းဟာ သူနေထိုင်တဲ့ အမှတ် (၇) ရပ်ကွက်က နေအိမ်အနီးမှာ ပစ်သတ်ခံလိုက်ရတာပါ။
စစ်မှုထမ်းဖို့ လက်ကမ်းစာစောင်ဖြန့်ဝေတာ အပါအဝင် စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်နေတာကြောင့် သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ရွှေဘိုအားမာန်မြို့ပြပျောက်ကျားအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"သူကြောင့်မို့ လောလောလတ်လတ် အမှတ် (၇) ချီပါစုရပ်ကွက်ထဲက ကလေးနှစ်ယောက် စစ်မှုထမ်းဖို့ ခေါ်သွားတယ်။ သူကိုယ်တိုင် လိုက်ပြပြီး သူကိုယ်တိုင် လာခေါ်သွားတယ်"
ဒီပစ်ခတ်မှုအပြီး ရွှေဘိုမြို့ပေါ်မှာ စစ်ကောင်စီတပ်က ရပ်ကွက်တိုင်းမှာ လုံခြုံရေးအများအပြား တင်းကျပ်ထားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ စစ်မှုထမ်းဖို့ စာရင်းကောက်ယူနေတဲ့ လုပ်ငန်းစဉ်ကတော့ ရပ်မသွားဘူးလို့ ရွှေဘိုမြို့ခံတွေက ပြောပါတယ်။
ရွှေဘိုမြို့ပြပြောက်ကျားအဖွဲ့တွေကတော့ စစ်မှုထမ်းဖို့ တိုက်တွန်းသူမှန်သမျှကို ရှင်းလင်းသွားမယ်လို့ ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မတ်လ ၂၂ ရက်ကလည်း စစ်မှုထမ်းဖို့ နှိုးဆော်တဲ့ ရွှေဘိုမြို့ အမှတ် (၄) အုပ်ချုပ်ရေးမှူး ဦးနန်းနွယ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
စစ်ကောင်စီကတော့ စစ်ရေးရှုံးနိမ့်မှုတွေကြုံလာချိန်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ ၁၀ ရက်မှာစတင် အသက်သွင်းခဲ့ပါတယ်။ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmarရဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်းက မြို့နယ် ၁၇၂ မြို့နယ်မှာ စစ်မှုထမ်းဥပဒေကို လက်တွေ့အကောင်အထည်ဖော်နေပါတယ်။