ပဲခူးနဲ့ ရခိုင်မှာ စစ်မှုထမ်းစာရင်းကောက်ယူတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး အသတ်ခံရ

ပဲခူးတိုင်း သဲကုန်းမြို့နယ်နဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွေမှာ မတ်လ ၂၁ ရက် မနေ့က စစ်မှုထမ်းစာရင်း ကောက်ယူတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ရာအိမ်မှူးတစ်ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် ဇီးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေနဲ့ စာရေးဖြစ်သူ ကိုဖြိုးတို့ဟာ မတ်လ ၂၁ ရက် မနေ့က သာပေါင်းကျေးရွာကနေ စစ်မှုထမ်းစာရင်းကောက်ယူပြီး ဆိုင်ကယ်နဲ့ပြန်လာရာမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်မှာ အုပ်ချုပ်ရေးမှူးက နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားပေမယ့် စာရေးဖြစ်သူကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ သဲကုန်းမြို့နယ် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က မနက် ၁၁ နာရီခွဲလောက်ပေါ့။ ရဲကခေါ်လို့ သွားတင်ရတာလေ။ တစ်ယောက်ကတော့ ဆုံးသွားတယ်။ တစ်ယောက်က သဲကုန်းဆေးရုံကနေ ရန်ကုန်တင်သွားပါတယ်”

ဒီပစ်ခတ်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလုပ်တာလို့ ဒေသခံတွေကပြောပေမယ့် အဲဒီအဖွဲ့တွေက တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ လုံခြုံရေးကိစ္စဖြစ်တာကြောင့် သတင်းကို စိစစ်နေဆဲဖြစ်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။

အလားတူ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ စစ်မှုထမ်းဖို့ စာရင်းကောက်ယူပြီး လူစုဆောင်းနေတဲ့ ရွှေလှော် ကျေးရွာအုပ်စု ဒါဝရွာက ရာအိမ်မှူး ဦးဝင်းရွှေဟာ မတ်လ ၂၁ ရက်နေ့က အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သူဟာ သံတွဲမြို့ကအပြန်လမ်းမှာ အသတ်ခံလိုက်ရတာဖြစ်ပြီး ရွာအနီးက ချောင်းထဲမှာ သစ်ရွက်တွေနဲ့ အုပ်ထားတဲ့ သူ့အလောင်းကို မနေ့ညနေပိုင်းမှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အခုသေဆုံးမှုဟာ စစ်မှုထမ်းဖို့ စာရင်းကောက်ယူ၊ လူစုဆောင်းနေတာနဲ့ ဆက်စပ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က အဲဒီရာအိမ်မှူး အသတ်ခံလိုက်ရပါတယ်။ အလောင်းကိုသွားယူသူတွေ ပြောတာက လည်လှီးထားတဲ့ ဒဏ်ရာနဲ့ သေဆုံးနေတာတဲ့။ အခု သံတွဲမြို့နယ်မှာ စစ်မှုထမ်းဖို့အတွက် အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေက စာရင်းကောက်နေတာတွေ စုဆောင်းနေတာတွေရှိတယ်။ ရွာသားတွေက ဘယ်သူမှ စစ်မှုမထမ်းချင်ကြဘူး”

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးနေတဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးမြင့်ထူးနဲ့ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးမောင်ပုတို့ဟာလည်း မတ်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ အသီးသီးပစ်သတ်ခံခဲ့ရပါတယ်။