မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးအုပ်စုစာရေးတို့ဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းစာရင်းပြုစုပေးပြီးနောက် မတ်လ ၂၀ ရက်က ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အသက် ၅၀ ကျော်အရွယ် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းခိုင်နဲ့ အသက် ၄၀ ဝန်းကျင်အရွယ် စာရေး ဦးစန်းနိုင်တို့ဟာ ရေနံချောင်းမြို့ကနေ စစ်မှုထမ်း လူဦးရေစာရင်း ပေးပို့ပြီးအပြန်လမ်းမှာ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်နေတာကို ငါးကြိမ်ခန့် သတိပေးခဲ့ပြီး ဆက်လက်လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ခဲ့ရတာလို့ ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ကို ဖုန်းဆက်ပြီးတော့ သတိပေးတယ်။ စာနဲ့လည်း သတိပေးတယ်။ သူတို့နှစ်ယောက်က စကစနဲ့ ပူးပေါင်းပြီးတော့ မဲလည်းမနှိုက်ဘူး။ ပေါ်တာဆွဲတဲ့သဘော လူခေါ်တာပေါ့။ ဒီအိမ်ကနေ ဘယ်သူလိုက်ရမယ် စာရင်းကောက်ပြီး မြို့နယ်ထွေအုပ်ကို သွားပေးတာ။ လက်နက်အားကိုးနဲ့ လုပ်နေတော့ ပြည်သူတွေကလည်း ပြန်မပြောရဲဘူး။ ကျွန်တော်တို့ကလည်း အကြိမ်ကြိမ် တိုင်တန်းချက်အရ လုပ်လိုက်ရတာ"
အိမ်ခြေ နှစ်ထောင် ရွာပေါင်း ၅ ရွာပါဝင်တဲ့ အုတ်ရှစ်ကုန်းအုပ်စုမှာ ဦးတင်ဝင်းခိုင်နဲ့ ဦးစန်းနိုင်တို့ဟာ စစ်မှုထမ်း စာရင်းကောက်ယူရာမှာ မဲမနှိုက်ဘဲ စိတ်ကြိုက်လူရွေးချယ်နေသလို ငွေကြေးကောက်ခံတာတွေ လုပ်ဆောင်နေတာလို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်ကလည်း မကွေးတိုင်း စလင်းမြို့နယ်၊ ပုခက်တိုင်ရွာမှာ ပြည်သူတွေစစ်မှုထမ်းဖို့ အသံချက်စက်နဲ့ နှိုးဆော်နေတဲ့ အသက် ၅၀ အရွယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထူး စလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ပါတယ်။
ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးက မြို့နယ်၊ ကျေးရွာတွေမှာ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ်တွေကို မဲနှိုက်ရွေးချယ်တာတွေ ဆက်တိုက်လုပ်နေပြီး မဲပေါက်သူတွေ စစ်မှုမထမ်းရင် မိသားစုကို အရေးယူ ထောင်ချတာတွေလုပ်မယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့တွေကလည်း စစ်ကောင်စီစီရဲ့ စစ်မှုမထမ်းမနေရဥပဒေကို ဖော်ဆောင်နေတဲ့သူတွေကို အရေးယူလုပ်ဆောင်ဖို့၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်သွယ်ပူးပေါင်းဖို့ သတိပေးထုတ်ပြန်ထားကြပါတယ်။