ကြံခင်းမှာ စစ်မှုထမ်းကိစ္စ မကျေနပ်ကြောင်းပြောတဲ့ ဒေသခံတစ်ဦး ဖမ်းဆီးခံရပြီးသေဆုံး

ဧရာ၀တီတိုင်း ကြံခင်းမြို့ ရွှေတောင်စုရပ်ကွက်မှာ မတ်လ ၂၀ ရက် မနေ့က စစ်မှုထမ်းရေးကိစ္စ လိုက်လံစာရင်း ကောက်ယူစဉ် မကျေနပ်ကြောင်းပြောဆိုတဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးခံရပြီး နာရီပိုင်းအတွင်း သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသူဟာ ရွှေတောင်စုရပ်ကွက် ၇ လမ်းမှာနေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် ဦးသန်းထွန်းအေးဆိုသူဖြစ်ပြီး မနေ့မနက် ၉ နာရီမှာ ဖမ်းဆီးခံရပြီး မနက် ၁၁ ရီမှာပဲ ရဲစခန်းကနေ အလောင်းလာထုတ်ခိုင်းတာလို့ ဒီဖြစ်ရပ်ကို သိရှိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်မှုထမ်းဖို့စာရင်းတွေ လိုက်ကောက်တယ်။ ကောက်တဲ့အခါမှာ သူကရန်တွေ့တာ မကျေနပ်ကြောင်း ပြောတာပေါ့နော်။ ပြောတဲ့အခါမှာဘေးက သတင်းပေးတစ်ဦးကနေပြီးတော့ တိုင်လိုက်တဲ့အခါ ချက်ချင်းလာဖမ်းတယ်။ ဖမ်းပြီးတော့ နာရီပိုင်းအတွင်း သေဆုံးသွားတယ်လို့ သိရတယ်။ သေဆုံးမှုဖြစ်စဉ်ကို ဆက်လိုက်တဲ့အခါမှတော့ နံရိုးကျိုးပြီးတော့ အထဲက ကလီစာတွေကို စိုက်တယ်လို့ သိရတာပေါ့”

သေဆုံးသူ ဦးသန်းထွန်းအေးကို မတ်လ ၂၁ ရက် ဒီနေ့ နေ့လယ် ၁ နာရီမှာ သင်္ဂြိုဟ်မယ်လို့ သူက ဆိုပါတယ်။

သေဆုံးသူဦးသန်းထွန်းအေးကို စစ်ကောင်စီတပ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပျူစောထီးတွေက လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ညှဉ်းပမ်းနှိပ်စက်ခံရပြီးနောက် သေဆုံးသွားတာလို့ လုံခြုံရေးအရ အမညမဖော်လိုတဲ့ နောက်ထပ် ကြံခင်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဖမ်းခံရတဲ့သူက စစ်ကြောရေးရောက်မှ ဘယ်လိုစစ်လဲ မသိဘူး။ အဲဒီရောက်မှ သေသွားတာ။ မနက် ၉ နာရီလောက်က အဖမ်းခံရတယ်။ ၁၁ နာရီလောက်မှာ အလောင်းပြန်ပို့တာပေါ့နော်။ အဲဒီတော့ လမ်းမှာ သေတာတော့ မဟုတ်ဘူး။ လမ်းမှာတော့ ရိုက်နှက်သွားတယ်။ လမ်းမှာ တရွတ်တိုက်ဆွဲခေါ်သွားတာတွေလည်း တွေ့မြင်ရတဲ့သူရှိတယ်။ ရှိတဲ့အတွက် ဒီလိုခေါ်သွားပြီးခါမှ စခန်းကိုရောက်ပြီး စခန်းမှာ စစ်ကြ၊ ရိုက်ကြ ၊နှက်ကြရင်းနဲ့ လက်လွန်ပြီး သေသွားတာပေါ့နော်"

ဦးသန်းထွန်းအေး သေဆုံးမှုနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာ၀တီတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ တယ်လီဖုန်းကတစ်ဆင့် မဖြေဆိုနိုင်ကြောင်းနဲ့ ရုံးကိုလူကိုယ်တိုင်လာ ရောက်မေးမြန်းနိုင်ကြောင်း ပြောဆိုပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေရ နိုင်ငံတစ်ဝန်းမှာ လူစာရင်းပြုစုတာတွေကို လုပ်ဆောင်နေသလို ဒီအပေါ်မှာ ပြည်သူတွေဘက်ကလည်း ဆန့်ကျင်ဝေဖန်တာတွေ ဆက်တိုက်ပေါ်ပေါက်လာနေတာဖြစ်ပါတယ်။

(မှတ်ချက် - ကြံခင်းဒေသခံတစ်ဦး၏ ပြောကြားချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)