ဆောမှာ ရွာကိုမီးရှို့ပြီး ကျောင်းထိုင်ဘုန်းကြီးနဲ့ ဒေသခံတွေကို ဖမ်းဆီးသွား

မကွေးတိုင်း၊ဆောမြို့နယ်၊လက်ပန်းရွာကို နိုဝင်ဘာ ၁၅ ရက် ဒီနေ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီးတော့ နေအိမ်အလုံး ၃ဝ ကျော်ကို မီးရှို့သွားတယ်လို့ ဒေသခံတွေနဲ့ ခုခံကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကိုပြောပါတယ်။

အဲဒါအပြင် ရွာဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်တစ်ပါးနဲ့ လူလေးဦးကို ဖမ်းဆီးသွားတယ်လို့လည်း ဒေသခံက ပြောပါတယ်။

စစ်တပ်ကနေ ထွက်ပြေးလာတဲ့သူတွေကို ပြန်အပ်ဖို့ ခြိမ်းခြောက်ပြောဆိုရင်း အိမ်တွေကို မီးရှို့သွားတာလို့ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်ကလည်း ပြောပါတယ်။

“သူတို့တပ်ကနေ ထွက်ပြေးလာတဲ့သူ လေးယောက်ကို ပြန်အပ်ဖို့ပြောတယ်။ အဲဒီသူတွေကို မပေးရင် ရွာကို နှစ်နာရီအတွင်း မီးရှို့ပစ်မယ်လို့ မနေ့ကပြောတယ်။ ဒီနေ့လည်းရောက်ရော ၁၁ နာရီမှာ ရွာထဲဝင်စီးပြီး မီးရှို့တာ။ လူ ငါးယောက်ကိုလည်း ဖမ်းထားတယ်။ ဆရာတော်တစ်ပါးလည်းပါတယ်။ ပြန်မလွှတ်သေးဘူး" လို့ PDF တပ်ဖွဲ့ဝင်ကပြောပါတယ်။

လက်ပန်းရွာကို မီးရှို့ပြီးနောက် ကပ်လျှက် ပဆုပ်ရွာကိုလည်း ဆက်မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလော အချက်အလက်တွေအရ လက်ပန်းရွာက အိမ်အလုံး ၃ဝ ကျော် မီးရှို့ခံရတာဖြစ်ပြီး၊ ဒီနေ့ညနေထိ မီးဆက်ငြှိမ်းသတ်နေရတာကြောင့် နှစ်ရွာပေါင်း အိမ်ဘယ်လောက် မီးလောင်ခံရလဲ တိတိကျကျ မသိရသေးပါဘူး။

လက်ပန်းရွာမီးရှို့ခံရတာနဲ့ ပတ်သက်လို့ မကွေးတိုင်း စစ်ကောင်စီပြောခွင့်ရ ဦးစိုးပိုင်မြင့်ကို RFA က မေးမြန်းဖို့ ဖုန်းဆက်သွယ်ပေမယ့် လက်ခံမဖြေပါဘူး။

လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ မကွေးတိုင်းထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာလတစ်လအတွင်း လူရှစ်ဦး အသတ်ခံရပြီး၊ နေအိမ် ၃၉၉ လုံးထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။