စလင်းမှာ ရွာသားတစ်ဦးကို အုပ်ချုပ်ရေးမှူးက သေနတ်နဲ့ ပစ်သတ်

2022.10.15
စလင်းမှာ ရွာသားတစ်ဦးကို အုပ်ချုပ်ရေးမှူးက သေနတ်နဲ့ ပစ်သတ် စစ်ကိုင်းတိုင်းထဲမှာ စစ်တပ်ထောက်ခံသည့် ရွာသားတချို့ကို စစ်ကောင်စီက လက်နက်ထုတ်ပေးပြီး သင်တန်းပေးနေသည့်မြင်ကွင်း။
File Photo : Citizen Journalist

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အရှေ့ကန်ဘောင်ရွာမှာ ဒေသခံအရပ်သားတစ်ဦးကို စစ်ကောင်စီခန့် ရွာအုပ်ချုပ်ရေးမှူးက သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

အသက်၃၈နှစ်အရွယ် ဒေသခံရွာသား ကိုဝင်းအောင်နဲ့ စစ်ကောင်စီခန့် ရွာအုပ်ချုပ်ရေးမှူး ဦးစံဦးတို့  အောက်တိုဘာ ၁၃ ရက်နေ့ညက စကားများကြရာကနေ အုပ်ချုပ်ရေးမှူးက ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

ကိုဝင်းအောင်ကို ညတွင်းချင်း မကွေးဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် နောက်တစ်ရက်မှာ သေဆုံးသွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကိုဝင်းအောင်အပါအဝင် ဒေသခံ လေး၊ငါးဦး အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် အိမ်ထဲမှာ ထိုင်နေရင်း စကားများရာကနေ နဖူးတည့်တည့်ကို ပစ္စတိုနဲ့ ပစ်လိုက်တာပါ။ အုပ်ချုပ်ရေးမှုးဆီမှာ ပစ္စတိုတစ်လက်နဲ့ ဗုံးတစ်လုံးရှိတယ်၊ စစ်ကောင်စီ ပေးထားတာပေါ့၊ အဲဒါကြောင့်လည်း စကားများတာ စိတ်ဆိုးပြီး ပစ်လိုက်တာ နဖူးကနေ နောက်စေ့ ပေါက်ထွက် သွားတာပါ"

ကိုဝင်းအောင်ရဲ့ ရုပ်အလောင်းကို မကွေးဆေးရုံကနေ ပြန်သယ်လာပြီး၊  ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က အရှေ့ကန်ဘောင်ရွာ သုသာန်မှာ သဂြိုဟ်ခဲ့ပါတယ်။ ပစ်ခတ်တာနဲ့ ပတ်သက်လို့  ရွာအုပ်ချုပ်ရေးမှူဦးစံဦးဘက်ကိုတော့ RFA က ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

အဲဒီဖြစ်ရပ် ဖြစ်ပြီးနောက် အိမ်ခြေနှစ်ရာ လူဦးရေ ကိုးရာနီးပါး နေထိုင်တဲ့ အရှေ့ကန်ဘောင်ရွာမှာ ရွာအတွင်း လှုပ်ရှားသွားလာတာတွေ မရှိသလို၊ ပုံမှန်ရောင်းချနေတဲ့ ဈေးဆိုင်တချို့လည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။