တနင်္သာရီတိုင်းမှာ စစ်အာဏာသိမ်း ကာလအတွင်း အရပ်သားသေဆုံးမှု ၂၉၃ ဦးရှိလာပြီလို့ တနင်္သာရီဒေသ အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Southern Monitor က နိုဝင်ဘာလ ၇ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီသေဆုံးမှုတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အတွင်းဖြစ်ပြီး ဒီအထဲမှာ သာမာန်အရပ်သားတွေအပြင် ပျူစောထီးအဖွဲ့ဝင်တွေ၊ စစ်ကောင်စီ သတင်းပေးတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ PDF နဲ့ ဆက်စပ်နေသူတွေပါ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်အရ အရပ်သား သေဆုံးသူ ၈၈ ရာခိုင်နှုန်းက အမျိုးသားတွေဖြစ်ပြီး ကျန်တဲ့ ၁၂ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေ ဖြစ်ပါတယ်။
ဒီအထဲမှာ စစ်ကောင်စီတပ်သားတွေ ရွာတွေကို စစ်ကြောင်းထိုးချိန်အတွင်း ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ရွာတွေကို အဝေးကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ထိမှန်သေဆုံး ရတာနဲ့ ဆိုင်ကယ်စီးသွားတဲ့ သာမန်ပြည်သူတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပစ်ခတ် သတ်ဖြတ်တာတွေလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေဖြစ်တဲ့ ပျူစောထီး၊ သွေးသောက်၊ စွန်ရဲစတဲ့ အဖွဲ့အစည်းတွေက လူငယ်တွေအပြင် PDF အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေနဲ့ NLD ပါတီဝင်တွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်လို့ သေဆုံးတာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ ပျူစောထီး၊ သွေးသောက်၊ စစ်ကောင်စီတပ် သတင်းပေးသူတွေ၊ အုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းအချို့ပါ ပါဝင်ပြီး အချို့ကိစ္စတွေမှာ မှားယွင်းသတ်ဖြတ်ခံရတာတွေနဲ့ ခရီးသွားပြည်သူအချို့ မှားယွင်းပစ်ခတ်ခံရလို့ သေဆုံးခဲ့တာတွေပါရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဒီသေဆုံးစာရင်းထဲမှာ လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ PDF အဖွဲ့၊ ERO အဖွဲ့ စတဲ့အဖွဲ့အစည်းဝင်တွေကို စာရင်းထဲမှာ ထည့်သွင်းမရေတွက်ထားဘူးလို့ ဖော်ပြထားပါတယ်။
အရပ်သားသေဆုံးမှုတွေထဲမှာ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေက အခြားမြို့နယ်တွေထက် အရေအတွက် သိသိသာသာ ပိုများတယ်လို့လည်း ရေးသားထားပါတယ်။