အာဏာသိမ်း ၂၂ လအတွင်း တနင်္သာရီမှာ အရပ်သား ၃၀၀ ကျော်သေဆုံး

အာဏာသိမ်း ၂၂ လအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးမှု ၃၁၇ ဦးရှိခဲ့ပြီး ၁၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Southern Monitor က ဒီဇင်ဘာလ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်းထဲက လောင်းလုံးမြို့နယ်မှာ အရပ်သား ၈၉ ဦး သေဆုံးခဲ့ပြီး တခြား မြို့နယ်တွေထက် အရေအတွက် အများဆုံးဖြစ်နေတာကိုလည်း Southern Monitor ရဲ့ စာရင်းမှာ တွေ့ရပါတယ်။

အရပ်သား သေဆုံး၊ ထိခိုက်မှုတွေဟာ စစ်ကောင်စီတပ်က ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းတာ၊ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းက ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ် တာ၊ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးထိမှန်လို့ သေဆုံးသူတွေ ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အပြန်အလှန် လုပ်ကြံသတ်ဖြတ်မှုတွေကြောင့်လည်း အရပ်သား ထိခိုက်၊ သေဆုံးမှုတွေ အရေအတွက် ပိုများနေတာလို့ Southern Monitor က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

"ကျနော်အခု ဒေတာတွေ ပြန်ကြည့်လိုက်တော့။ နှစ်ဖက်အပြန်အလှန် လုပ်ကြံ သတ်ဖြတ်တွေကြောင့် အရပ်သားထိခိုက်မှုတွေ များနေတာပါ”

စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေ၊ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေနဲ့ မိသားစုဝင်တွေကို သတ်ဖြတ်မှု တွေလည်း ဒီစာရင်းထဲ ပါဝင်နေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ သတင်းပေးဆိုသူတွေကို အပြန်အလှန်သတ်ဖြတ်တာ တွေလည်း ပါဝင်နေတယ်လို့ သူက ဆိုပါတယ်။

အရပ်သား သေဆုံးသူတွေထဲမှာ အမျိုးသား ၇၈ ရာခိုင်နှုန်းပါဝင်ပြီး ၁၅ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ပါတယ်။ ကျန်တဲ့ ၇ ရာခိုင်နှုန်းကတော့ ခွဲခြားမရသေးဘူးလို့ Southern Monitor က ရေးသားထားပါတယ်။

Southern Monitor ရဲ့ အရပ်သား ထိခိုက်၊ သေဆုံးမှုစာရင်းမှာ လောင်းလုံးမြို့နယ်၊ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ပုလောမြို့နယ်၊ မြိတ်မြို့နယ်၊ တနင်္သာရီမြို့နယ်၊ ကော့သောင်းမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်၊ ကျွန်းစုမြို့နယ်တို့က ဖြစ်ရပ်တွေ ပါဝင်ပါတယ်။