ရန်ကုန်တိုင်းအတွင်း မေလ ၁၅ ရက်နေ့က စပြီး အသွားအလာ ကန့်သတ်ထားတဲ့ လေးမြို့နယ်ကို ဖြေလျှော့ ပေးလိုက်ပေမယ့် မြို့နယ်တွေ အားလုံးနီးပါးမှာ တင်းကျပ်မှုတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူများတဲ့ အင်းစိန်၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ ပန်းပဲတန်း၊ ဗဟန်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဗိုလ်တစ်ထောင်၊ တာမွေ၊ မင်္ဂလာဒုံ မြို့နယ်တွေကို ဧပြီလ ဒုတိယပတ်လောက်က စတင်ပြီး အသွားအလာ ကန့်သတ်ထားတာပါ။
အဲဒီထဲက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဗိုလ်တစ်ထောင်နဲ့ မင်္ဂလာဒုံမြို့နယ်တွေကို မေလ ၁၅ ရက်နေ့မှာ အသွားအလာ ကန့်သတ်မှုကနေ ဖြေလျှော့ပေးလိုက်တာ ဖြစ်ပါတယ်။
မင်္ဂလာဒုံမြို့နယ်မှာတော့ လမ်းမပေါ်တွေမှာ လူတွေကတော့ ပြန်လည်သွားလာနေပေမယ့် တင်းကြပ်တာတွေ ဆက်လုပ်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
"ပြည်ထောင်စုအဆင့်က ၁၅ ရက်နေ့က ဖြေလျှော့တဲ့သဘောမှာ ရောဂါမပြန့်အောင် အတတ်နိုင်ဆုံး ပြည်သူတွေကို ဆင်ဆင်ခြင်ခြင် ထားပါတယ်။ စီးမီးလော့ဒေါင်းကို ဖြုတ်တဲ့သဘောပါ။ လူစည်ကားတဲ့နေရာတွေမှာ နှာခေါင်းစည်းတပ်သွားလာဖို့ လက်ဆေးဖို့ ဒါတွေနဲ့ စည်းရုံးနေပါတယ်။ သွားလာနေတဲ့လူတွေက ပုံမှန်နီးနီးလောက် လှုပ်ရှားနေပါပြီ မင်္ဂလာဒုံမြို့နယ်ကတော့။"
ဖြေလျှော့တဲ့အထဲမှာ မပါဝင်တဲ့ အင်းစိန်မြို့နယ်ကတော့ တင်းကျပ်မှုတွေ ဆက်ရှိနေပြီး အရင်ကအတိုင်း ဆောင်ရွက်နေဆဲဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဆိုပါတယ်။
"၁၅ ရက်နေ့က ရက်တိုး သတ်မှတ်လိုက်တယ်လေ လကုန်ထိ ထပ်တိုးလိုက်တာကို အဲဒီအတိုင်း ဆောင်ရွက်နေပါတယ်။ ကျန်တာကတော့ စည်ပင်နဲ့ အုပ်ချုပ်ရေးက ကြီးကြပ်ဆောင်ရွက်နေပါတယ်။"
လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တချို့ကို ပြန်ဖွင့်ခွင့်ပေးနေပြီဆိုပြီး လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားပြောဆိုမှုတွေရှိနေပေမယ့် လက်ရှိမှာ ပြန်လည်ဖွင့်တာမျိုး မရှိသေးပါဘူး။
ရန်ကုန်မြို့မှာ တက္ကစီမောင်းနှင်တဲ့ ကိုနေဝင်းထွန်းကတော့ သူသွားခဲ့တဲ့ နေရာတွေတိုင်းမှာ အသွားအလာ ကန့်သတ်ထားတဲ့ လမ်းပိုင်းလေးတွေ ပြန်ဖွင့်နေပေမယ့် လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်တွေကတော့ ပါဆယ်စနစ်နဲ့ ရောင်းချနေတုန်းပဲလို့ ပြောပါတယ်။
"လမ်းတွေက ဖွင့်လိုက်ပြီ အရင်တုန်းက လမ်းတွေ လုံးဝပိတ်ထားတာ လမ်းသွယ်တွေက စီမီးလော့ဒေါင်းချထား တဲ့လမ်းတွေက အကုန်ဖွင့်တယ် လမ်းထဲကို ကားတစ်စီးဝင်စာပဲ ။ စီမီးလော့ဒေါင်း ဖြည်လိုက်တဲ့ မြို့တွေရော မရှိသေးတဲ့မြို့တွေက ဆိုင်တွေအကုန် အခုထိ ကြိုးတားထားတုန်းပဲ ပါဆယ်ဝယ်ရတယ်။ ကြိုးဖြည်ထားပြီး ဆိုင်ထဲမှာ တစ်ယောက်စ နှစ်ယောက်စ ဝင်သောက်နေတာမျိုး ဒီမနက်ပိုင်းအထိ လုံးဝမတွေ့ရသေးဘူး။"
တိုင်းဒေကြီး အစိုးရအနေနဲ့ နှာခေါင်းစည်းတပ်ဆင်ဖို့၊ လူ ငါးဦးထက် ပိုမစုဝေးဖို့၊ ဘာပဲလုပ်လုပ် တစ်ဦးနဲ့ တစ်ဦး ခပ်ဝေးဝေးမှာ နေထိုင်ဖို့၊ ည ၁၂ နာရီကနေ မနက်လေးနာရီအထိ အပြင်မထွက်ဖို့ စတဲ့အချက်ကို လိုက်နာဖို့ ထုတ်ပြန်ထားပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အပြင်ထွက်တဲ့ အခါမှာ မဖြစ်မနေ နှာခေါင်းစည်းတပ်ဖို့ ပြောဆိုထားပြီး သက်ဆိုင်ရာမြို့နယ်အလိုက် စည်းကမ်းတင်းကျပ်မှုတွေကို ဒီရက်ပိုင်းမှာ ဆောင်ရွက်လာပါတယ်။ နှာခေါင်းစည်း မတပ်သူတွေကို ဒဏ်တပ်အရေးယူတာတွေလည်း ရှိလာပါတယ်။
စီးပွားရေး လုပ်ငန်းတွေအနေနဲ့ အဲဒီအချက်လေးချက်ကို လိုက်နာရင် လုပ်ငန်းလုပ်နိုင်တယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဆိုပါတယ်။
"၁၅ ရက်နေ့ နောက်ပိုင်းမှာ လုပ်မယ့်လုပ်ငန်းတွေကို တော်တော်များများကို လျှော့ချပေးနေပြီ နှာခေါင်းစည်းတပ်ရမယ်။ လူ ငါးဦးထက် ပိုမစုရဘူး ဘာပဲလုပ်လုပ် တစ်ဦးနဲ့ တစ်ဦး ခပ်ဝေးဝေးမှာနေဖို့ အဲဒီအချက်လေးချက်နဲ့ ကိုက်ညီရင် စီးပွားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်လို့ရမယ်။"
ကန့်သတ်မှုတွေကို မြို့နယ်အလိုက် စည်ပင်နဲ့ အထွေထွေအုပ်ချုပ်ရေးရုံးတွေက ဆောင်ရွက်နေတာလို့ ဆိုပါတယ်။
အသွားအလာ ကန့်သတ်တာ မလိုအပ်ပဲ အိမ်အပြင်မထွက်ကြဖို့ကို မြို့နယ် ၁၀ ခုကိုပဲ ကန့်သတ်တာ ဖြစ်ပေမယ့် ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၄၄ ခုလုံးက လိုက်ပါဆောင်ရွက်နေကြတာ ဖြစ်တယ်လို့ ဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။
လက်ရှိမှာလည်း ဆိုင်တွေပြန်ဖွင့်ဖို့အတွက် သက်ဆိုင်ရာမြို့နယ် စည်ပင်တွေက ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း ရောဂါပိုးတွေ့ရှိသူ နည်းပါးလာတာနဲ့အမျှ ပြည်ထောင်စု အစိုးရအဖွဲ့က တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ တင်းကျပ်မှုတွေကို ဖြေလျှော့နေပြီ ဖြစ်ပါတယ်။