မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးသောင်းကျော်လာ


2020.10.29
coronavirus-test-622.jpg ကိုဗစ်-၁၉ ပိုး ရှိ-မရှိ စစ်ဆေးရန် ကျန်းမာရေးဝန်ထမ်းတဦးက နှာခေါင်းတို့ဖတ် ယူနေစဉ်။
Photo: AFP

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း ၁၁၉၉ ယောက် ရှိသွားပါပြီ။

ဒီကနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်စာရင်းမှာ သေဆုံးတဲ့သူ ၂၇ ယောက် တိုးလာတာဖြစ်ပြီးတော့ သေဆုံးတဲ့သူတွေထဲမှာ ၂၂ ယောက်ဟာ ရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။ ဒီကနေ့ တစ်ရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာသစ် ၁၃၃၁ ယောက် တိုးလာတာပါ။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း ၅၀၄၀၃ ယောက် ရှိသွားပြီဖြစ်ပြီးတော့ ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း ၃၀၀၀၇ ယောက် ရှိပါပြီ။

ကပ်ရောဂါကာလအတွင်း နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကျင်းပဖို့အတွက် ၁၀ ရက်ပဲလိုပါတော့တယ်။ ဒီကနေ့ အောက်တိုဘာလ အောက်တိုဘာ ၂၉ ရက်နေ့မှာ တစ်နိုင်ငံလုံးက အသက် ၆၀ ကျော် လူကြီးတွေ ကြိုတင်မဲပေးကြပါတယ်။

ကပ်ရောဂါ ကာလအတွင်း အသက်အရွယ်ကြီးသူတွေ  အဆင်ပြေအောင်မဲပေးနိုင်ဖို့ အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်နေ့ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲပေးခွင့်ပြုထားတာပါ။

ရခိုင်ပြည်နယ်ထဲက မြို့နယ်အားလုံး၊ ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းမှအပ ကျန်တဲ့မြို့နယ်အားလုံး၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေထဲက ၁၃ မြို့နယ်တွေမှာထုတ်ပြန်ထားတဲ့ မလိုအပ်ပဲ အိမ်ပြင်မထွက်ရ stay-at-home အမိန့်ကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့  အထွေထွေရွေးကောက်ပွဲနေ့အတွက် ပယ်ဖျက်ပေးမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ရောဂါကူးစက်မှု နိုင်ငံတွေထဲမှာ ၇၅ နိုင်ငံမြောက် ရောဂါကူးစက်မှုအများဆုံးဖြစ်လာပြီး အာဆီယံ ဆယ်နိုင်ငံမှာတော့ တတိယမြောက် သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်နေပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို တစ်ထောင်ကျော်ရှိနေပြီး၊ ပျမ်းမျှသေဆုံးတဲ့သူ တစ်နေ့ကို အယောက် ၃၀ လောက်ရှိနေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။