အာဏာသိမ်းပြီး ၂၁ လအတွင်း နေအိမ်နဲ့ အဆောက်အအုံ လေးသောင်းနီးပါး မီးရှို့ခံခဲ့ရ

စစ်တပ်က အာဏာသိမ်းချိန်ကနေ အခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ၂၁ လ အတွင်း နိုင်ငံတစ်ဝန်း နေအိမ်အပါအဝင် အဆောက်အအုံပေါင်း ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က နိုဝင်ဘာ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အခုလို မီးရှို့ဖျက်ဆီးခံရမှုတွေဟာ မြို့ပေါင်း ၈၁ မြို့မှာဖြစ်ခဲ့ပြီး စစ်ကိုင်းတိုင်း ရွှေဘိုမြို့နဲ့ မကွေးတိုင်း မြိုင်မြို့နယ်ကတော့ နေအိမ်နဲ့ အဆောက်အအုံပေါင်း ၆၅၉၉ လုံးထက်မနည်း နဲ့ အများဆုံးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မီးရှို့ဖျက်ဆီးခံရမှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ စစ်ကိုင်းတိုင်းထဲမှာဖြစ်ခဲ့ပြီး ရွှေဘိုမြို့က တော့ နေအိမ်နဲ့ အဆောက်အအုံပေါင်း ၃၄၉၄ နဲ့ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

မီးရှို့ဖျက်ဆီးခံရမှု စုစုပေါင်းပမာဏရဲ့ ၉၄ ရာခိုင်နှုန်းကျော်ဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ ဖြစ်ခဲ့ပြီး မေလထဲမှာတော့ အများဆုံးလို့ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တစ်လအတွင်းမှာတင် နေအိမ်နဲ့ အဆောက်အအုံပေါင်း ၁၅၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး စစ်ကိုင်းတိုင်းက ၁၁၂၄ လုံး၊ မကွေးတိုင်းက ၃၇၁ လုံးပါ၀င်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေ ပိုပြီးမြင့်တက်လာသလို မြန်မာနိုင်ငံ တစ်ဝန်းက မြို့နယ် ပေါင်း ၉၆ ခုမှာ ပြည်တွင်းစစ်ဘေးဒုက္ခသည် စုစုပေါင်း ၁,၆၅၀,၆၁၁ ဦးထက်မနည်း ရှိလာပြီဖြစ်ပါတယ်။

အဲဒီအထဲမှာ စစ်ဘေးဒုက္ခသည် ၁၂၆,၀၀၀ ဦးထက်မနည်းရှိနေတဲ့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က အများဆုံးဖြစ်ပါတယ်။