စစ်အာဏာသိမ်းသုံးနှစ်အတွင်း ဖမ်းဆီးသတ်ဖြတ်ခံရတာအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော် ကိုယ်စားလှယ် ၂၁ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁၄၅ ဦးကတော့ ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်ထောင်စုလွှတ်တော် က ဖေဖော်ဝါရီလ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကတော့ ဖမ်းဆီးခံထားရစဉ် လုံလောက်တဲ့ ဆေးကုသခွင့်တွေမရလို့ အကျဉ်းထောင်တွင်း သေဆုံးခဲ့တယ်လို့ ဆိုပါ တယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးနဲ့၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးကတော့ အာဏာသိမ်းကာလ တိမ်းရှောင်ရင်း ကွယ်လွန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဏာသိမ်းကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးအထိ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး အဲဒီအထဲက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးနဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၄၈ ဦး စုစုပေါင်း ၆၇ ဦးက ဒီနေ့ထိ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျမှတ်တမ်းတင်ပြီး တရားမျှတမှုရရှိရေး ဆောင်ရွက်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဒီနေ့ကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ဒုတိယနေ့မှာ ပြောပါတယ်။
“လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ စစ်အုပ်စုက ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်မှုတွေကို စနစ်တကျ မှတ်တမ်းကောက်ယူပြီး တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် ဆင်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်နေပါတယ်”
လွှတ်တော်ကိုယ်စားလှယ် ၁၉၈ ဦးတို့ရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရပြီး လွှတ်တော်ကိုယ်စားလှယ်သုံးဦးရဲ့ နေအိမ်တွေကတော့ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ပြည်ထောင်စုလွှတ်တော်ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။
သေဆုံးသူနဲ့ဖမ်းဆီးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဘယ်ပါတီတွေကဖြစ်တယ်ဆိုတာတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိပါဘူး။
ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ်အစည်းအဝေးကို အွန်လိုင်းဗီဒီယိုစနစ်နဲ့ ဖေဖော်ဝါရီလ ၁ နေ့ကစလို့ ကျင်းပနေတာဖြစ်ပြီး အစည်းအဝေး ပထမရက်မှာတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၁၁ ဦး တက်ရောက်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ထားပါတယ်။