ခရိုနီ ဒေါက်တာထွန်းမင်းလတ်ရဲ့ ပိုင်ဆိုင်မှုတွေ ထိုင်းအာဏာပိုင် သိမ်းဆည်း

ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်ရဲ့ ပိုင်ဆိုင်မှု ထိုင်းဘတ်ငွေ ၁ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၇ သန်းကျော်) ကို ထိုင်းအစိုးရက သိမ်းဆည်းလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဒီနေ့ဖော်ပြပါတယ်။

ဒီငွေတွေဟာ မူးယစ်ဆေးဝါးကွန်ရက်က ရရှိတာဖြစ်ကြောင်း ထိုင်းမြို့တော်ရဲတပ်ဖွဲ့ MPB နဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးရုံးအဖွဲ့ ONCB တို့ ပူးပေါင်းစုံစမ်းဖော်ထုတ်ပြီး သိမ်းဆည်း လိုက်တာလို့ ဆိုပါတယ်။

ဒါက ၂၀၁၉ ကတည်းက အာဏာပိုင်တွေ စတင်စုံစမ်းစစ်ဆေးအမှု နှစ်မှုထဲက တစ်မှု ဖြစ်တယ်လို့ တရားရေးဝန်ကြီးက ပြောပါတယ်။ ဦးထွန်းမင်းလတ်ရဲ့ ငွေအလွှဲအပြောင်း တွေကို ၂၀၁၉ ကတည်းက ရဲအရာရှိတွေက ခြေရာခံလိုက်နေတာလို့ ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲကလည်း ပြောပါတယ်။

မီးခံသေတ္တာထဲက ငွေတွေ၊ မော်တော်ကားတွေ၊ ဇိမ်ခံပစ္စည်းတွေ၊ ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေ စတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းလိုက်တာလို့လည်း ပြောပါတယ်။

ဦးထွန်းမင်းလတ် ပိုင်ဆိုင်မှုတွေကို မသိမ်းဆည်းနိုင်ရင် တခြားဆက်သွယ်ရေးလမ်းကြောင်း တွေကတစ်ဆင့် ဖော်ထုတ်နိုင်အောင် သူ့ရဲ့ အခွန်မှတ်တမ်းတွေကို စုံစမ်းစစ်ဆေးဖို့လည်း MPB ရဲတပ်ဖွဲ့က စီစဉ်နေပါတယ်။

အသက် ၅၃ နှစ်အရွယ် မူးယစ်ဆေးဝါးဖောက်ကားရောင်းဝယ်တဲ့ ဦးထွန်းမင်းလတ်ကို ထိုင်းနိုင်ငံသား သုံးယောက်နဲ့ အတူ စက်တင်ဘာက ဖမ်းဆီးခဲ့ပါတယ်။

သူဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုုးကြီး မင်းအောင်လှိုင်နဲ့ နီးစပ်သူဖြစ်ပြီး စစ်တပ်အတွက် လက်နက်ဝယ်ယူပေးသူလို့ MPB က ပြောပါတယ်။

သူ့ကို ထိုင်းအစိုးရက မူးယစ်ဆေးဝါးမှုနဲ့ ငွေကြေးခဝါချမှုတွေနဲ့ စွဲချက်တင်ထားပါတယ်။ သူ့ မူးယစ်ဆေးဝါးဂိုဏ်း ကွန်ရက်ကို MPB က ဖြန့်ကြက်စုံစမ်းနေပြီး ဦးထွန်းမင်းလတ်ရဲ့ စီးပွားဖက်လို့ ယူဆရတဲ့ ထိုင်းလူမျိုးနှစ်ယောက် က ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။

အမှုစုံစမ်းဖော်ထုတ်ရာမှာပါဝင်တဲ့ ရဲတပ်ဖွဲ့ကို သိမ်းဆည်းရမိတဲ့ ပစ္စည်းတန်ဖိုးရဲ့ ၂၅ % နဲ့ ဦးထွန်းမင်းလတ်ကို ဖမ်းဆီးမိဖို့ သတင်းပေးသူတွေကို ၅ % ဆုငွေချီးမြှင့်ဖို့ ရှိတယ်လို့ တရားရေးဝန်ကြီးက ပြောပါတယ်။