နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (န.က.သ) ကို တစ်နိုင်ငံလုံးက ကျောင်းသား ကျောင်းသူတွေရဲ့ ဆန္ဒသဘောထားမပါဘဲ ဖွဲ့စည်းလိုက်တဲ့အတွက် ကန့်ကွက်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
(န.က.သ)ဟာ ကျောင်းသားထုညီလာခံကနေ ရွေးချယ်တင်မြှောက်တာ မဟုတ်သလို ကျောင်းသား သမဂ္ဂတွေကို ကြိုတင်အသိပေးတာ ဆန္ဒသဘောထားတောင်း ယူတာ မရှိဘဲ ဖွဲ့စည်းတာဖြစ်တဲ့အတွက် ကန့်ကွက် တာဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုမင်းသုခက ပြောပါတယ်။
"တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားသမဂ္ဂတွေရဲ့ သဘောဆန္ဒကို ယူခြင်းမရှိဘဲနဲ့ ဒီလိုလုပ်တာဟာ ကျောင်းသား ထုကို များစွာထိခိုက်စေပါတယ်၊ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို ဖွဲ့စည်းတဲ့ပုံစံမှာ အဓိက လိုအပ်ချက်က အရင်တုန်းကရှိခဲ့တဲ့ ကျောင်းသားသမဂ္ဂတွေမှာ ကျောင်းသားထု ညီလာခံကနေတဆင့် သွားရ တယ်ခင်ဗျ၊ ကျောင်းသားထုညီလာခံကနေတဆင့် တစ်နိုင်ငံလုံးက ကျောင်းသားတွေ ရွေးချယ်တင်မြှောက် လိုက်တဲ့ အဖွဲ့ချုပ်ကဆိုလို့ရှိရင် တရားဝင်မှုရှိတဲ့ အဖွဲ့ချုပ်တစ်ခုဖြစ်လိမ့်မယ်ဗျ၊ အခုအနေအထားက ပြောရမယ် ဆိုရင် သမိုင်းမှာလည်း တစ်ခါမှမရှိတဲ့ပုံစံမျိုး လုပ်သွားတဲ့ဟာမျိုးပါ၊ ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့တတွေ လက်ခံဖို့အစဉ်မပြေပါဘူး"
ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအနေနဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂများအဖွဲ့ချပ် (န.က.သ) အဖွဲ့မှာ ပါဝင်မှာမဟုတ်ကြောင်းလည်း ဖော်ပြထားပါတယ်။
အဲ့ဒီထုတ်ပြန်ချက်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ၊ နိုင်ငံတော်သမ္မတရုံး ၊ ပညာရေးဝန်ကြီး ဌာန နဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား အသင်းအဖွဲ့အားလုံး ထံ ပေးပို့ထားတာဖြစ်ပါတယ်။
(န.က.သ) ကို တက္ကသိုလ်ကျောင်းသားသမဂ္ဂ တကသနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (မြေလတ်ဒေသ) တို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။